ရေး အစင်ရွာ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးအပါအဝင်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

0
1740

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားနှစ်ဦးက ဝင်ရောက် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အစင်စံပြကျေးရွာထိပ်ရှိ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်သို့ အမည်မသိ သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

လက်ဖက်ရည်ထိုင်သောက်နေသည့် အသက် ၆၈နှစ်အရွယ် ရာအိမ်မှူး ဦးယဉ်ဝေတွင် ဦးခေါင်းနောက်စေ့၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ပစ်ခတ်ခံရသည့်နေရာတွင် သေဆုံးကြောင်း ဒေသခံတို့က ဆိုသည်။

ဦးယဉ်ဝေနှင့်အတူ ထိုင်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းဆိုသူလည်း ပါးနှင့် လည်ပင်းတွင် ကျည်ထိမှန် သေဆုံးကြောင်း အစင်ကျေးရွာဒေသခံတစ်ဦးက ပြောဆိုသည်။

“သေနတ်သမားတွေက လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပစ်တာ။ ဝင်ပစ်တော့ နှစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူများနေတာပေါ့။ ဒဏ်ရာရသွားတာလည်း ၃ ဦးရှိတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဆိုင်အတွင်း လက်ဖက်ရည်သောက်နေသည့် အသက် ၂၇ နှစ်အရွယ် ကိုမျိုးထွန်း၊ အသက် ၄၉ နှစ် အရွယ် ဦးလတ်နှင့် အသက် ၄၇ နှစ်အရွယ် ဦးဝင်းထိုက်တို့ သုံးဦးလည်း ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့ အကူအညီဖြင့် ရေးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။

ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။