မြိတ်တွင် နေအိမ်ထဲဝင်ရောက် ဓားထောက်လုယက်ပြီး အိမ်ထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့

0
3265

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုတွင် နေအိမ်ထဲဝင်ရောက်ကာ ဓားထောက်လုယက်သွားပြီး အခန်းထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်တွင် လမ်းမတန်းပေါ်ရှိ နေအိမ်တစ်ဆောင်၏ ဘေးတွဲအခန်းတွင် နေထိုင်သည့် အမျိုးသမီးကို ဩဂုတ်လ ၈ ရက် ည ၇နာရီခန့်က နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဝင်ရောက်လုယက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဓားဖြင့်ခြိမ်းခြောက်ကာ ရွှေထည်လက်စွပ်တစ်ကွင်းနှင့် ငွေသား၁၅ သိန်း စုစုပေါင်း တန်ဖိုးငွေ သိန်းနှစ်ဆယ်‌ကျော်
ခန့်ကို လုယက်သွားကြောင်း ရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“ဖြစ်သွားတဲ့အချိန်က (လျှပ်စစ်) မီးသေနေလို့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ မိန်းလမ်းမကြီးမှာတောင် ဒီလိုလုပ်ရဲတာက ဓာတ်သိတွေပဲ ထင်တယ်” ဟု လုယက်ခံရသည့်နေအိမ်အနီး နေသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီးပျက်နေသဖြင့် ဖယောင်းတိုင်ဝယ်ပြီး အိမ်သို့ ပြန်အဝင်တွင် လုယက်သူနှစ်ဦးက နောက်က ကပ်လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လုယက်ပြီးနောက် လုယက်သူတို့သည် အမျိုးသမီးအား လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ကို တိတ်ဖြင့် ကပ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ယင်းရပ်ကွက်‌နေသူအချို့က ပြောဆိုသည်။

“အခန်းထဲက တဝူးဝူး အသံကြားလို့ ဘေးအိမ်က လှမ်းခေါ်တာ။ မထူးလို့ သွားကြည့်မှ အကျိုးအကြောင်း သိလိုက်ရတာ” ဟု တစ်လမ်းတည်းနေသူတစ်ဦးက ပြောသည်။

လုယက်ခံရသည့်အချိန်တွင် ဘေးတွဲအခန်းတွင် အမျိုးသမီးတစ်ဦးသာ ရှိနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အလုပ်မှ ပြန်မရောက်သေးကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

မြိတ်တွင် ဆိုင်ကယ်အခိုးခံရခြင်း၊ ဆိုင်ကယ် လုယက်ခံရခြင်း၊ ဖုန်း၊ ဆွဲကြိုး၊ လက်ကိုင်အိတ် စသည်တို့အား လုယက်ခြင်းတို့အပြင် နေအိမ်အတွင်း ဓားထောက်ဝင်ရောက်လုယက်မှုများ ခပ်စိပ်စိပ်ရှိလာနေကြောင်း မြို့ခံအချို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှာပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာခြင်းတို့ကြောင့် စားဝတ်နေရေးကျပ်တည်းခြင်း၊ လုံခြုံမှုမရှိခြင်း စသည်တို့ကြောင့် ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်လာခြင်း ဖြစ်ကြောင်း မြိတ်မြို့နေသူအချို့က ဆိုသည်။