ထိုင်းတွင် ဆောက်လက်စခုံးကျော်တံတားဘောင် ပြုတ်ကျသဖြင့် မြန်မာလုပ်သားတစ်ဦး‌သေဆုံး

0
1601

ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့ ဘန့်ခဝမ်းဒေသတွင် ဆောက်လက်စ ခုံးကျော်တံတား၏ အင်္ဂတေဘောင် ခေါင်းပေါ်သို့ ပြုတ်ကျသဖြင့် မြန်မာအလုပ်သမား သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် အလေးချိန် ၅၀၀ ကီလိုဂရမ်ကျော်ရှိသော အင်္ဂတေဘောင်ပြားသည် မတော်တဆ အောက်သို့ ပြုတ်ကျစဉ် ဖြတ်သန်းသွားလာနေသော မြန်မာအလုပ်သမား၏ ခေါင်းပေါ် ပြုတ်ကျခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားသည် ဦးခေါင်းကွဲဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အလုပ်သမားခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ ကရိန်းကားမောင်းနှင်သူသည် ခုံးကျော်တံတားပေါ်တွင် ဘိလပ်မြေဖျော်စက်ကို အပေါ်သို့ လွှဲတင်စဉ် တံတားဘေးဘောင်ကို မတော်တဆ ထိမိသဖြင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကရိန်းကားမောင်းနှင်သူ ကျွမ်းကျင်မှုမရှိဟု ယူဆရပြီး ဩဂုတ်လ ၇ ရက်နေ့ကလည်း လျှပ်စစ်ဓါတ်အားပေးကြိုးနှင့် ငြိခဲ့သဖြင့် စက်ကို ဝေးရာသို့ နေရာရွှေ့ပြောင်းခဲ့ရသေးသည်ဟု အဆိုပါအလုပ်သမားခေါင်းဆောင်က သတင်းများတွင် ပြောဆိုထားသည်။

ရုပ်အလောင်းကို ဖုထစိုထိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကရိန်းကားမောင်းနှင်သူကို ဆက်လက် စစ်ဆေးမေးမြန်း ရန်အတွက် ချာချင်ဆောင်ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဘန်ကောက်မြို့ ကလေးထိန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အပြင်ဘက် ဝရံတာအင်္ဂတေ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

Ref: Thai PBS News, CH 8, CH 7