တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1645

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ

နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါဝင်တဲ့ စစ်ကောင်စီလွတ်ငြိမ်း

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ခုနစ်ထောင်ကျော်ကို ဩဂုတ်လ ၁ရက်နေ့မှာ ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းပဲ ပါဝင်ပါတယ်။

အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော် ပါဝင်တာကိုပဲ အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်မြောက်ဖို့ လပိုင်းပဲ လိုတော့သူတွေလို့ ဆိုပါတယ်။

MNDAA၊ TNLA၊ SSPP/SSA၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်ပြီး အကျဉ်းကျခံနေရသူ ၂၂ဦး ကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ၊ ဆက်စပ်သူ ၇၂ဦးကိုလည်း အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူတွေကို သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ဆိုပေမယ့် ဦးရေဘယ်လောက်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒါ့အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၂၅ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အခုလို လွတ်ငြိမ်းခွင့်ပေးတာက သူတို့သဘောထားပျော့ပျောင်းတဲ့အကြောင်း နိုင်ငံတကာ မြင်စေချင်လို့ နောက်တစ်ခါ သံတမန်ရေးရာ အလျှော့အတင်းတွေလုပ်ဖို့အတွက် စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး မည်ကာမတ္တ လွတ်ငြိမ်းချမ်းသာခွင့်ပဲဖြစ်တယ်လို့ AAPP က ဝေဖန်ထားပါတယ်။

……………………………………

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် မလွတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက ပြစ်ဒဏ်အနည်းငယ်ပဲ လျှော့ချပေးခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုနေပေမယ့် စစ်ကောင်စီက မလွှတ်ပေးဘဲ ဆက်လက် ထိန်းသိမ်းတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားတာကနေ ၂၀၂၁ ခုနှစ်က စွဲဆိုခဲ့တဲ့ အမှုငါးခုကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။ ထောင်ဒဏ်အနေနဲ့ဆိုရင် ခြောက်နှစ် လျှော့ချပေးခဲ့တာဖြစ်လို့ ၂၇ နှစ် ဆက်လက်ကျခံရဦးမှာဖြစ်ပါတယ်။

အမှု ၈မှုနဲ့ ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကိုလည်း အမှုနှစ်ခုအတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ် တွေကိုပဲ လျှော့ပေါ့ပေးခဲ့တာပါ။ ထောင်ဒဏ် ၄နှစ်ပဲ လျှော့ပေါ့ပေးခဲ့တာဖြစ်လို့ ၈နှစ် ကျခံရဦးမှာဖြစ်ပါတယ်။

ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ စစ်ကောင်စီက ကြေညာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီလို့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အပြစ်မဲ့နိုင်ငံသားတွေကို ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

……………………………………

အာဏာသိမ်းကာလ လေးကြိမ်မြောက်သက်တမ်းတိုး

အာဏာသိမ်းကာလကို လေးကြိမ်မြောက်အဖြစ် နောက်ထပ်ခြောက်လ သက်တမ်းတိုးပေးလိုက်ပါတယ်။

သမ္မတကပဲ ခေါ်ခွင့်ရှိတဲ့ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို စစ်တပ်က တင်မြှောက်ထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေက ဇူလိုင်လ ၃၁ရက်နေ့မှာ ခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာထပ်မံအပ်ခဲ့တာပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ မှာ အရေးပေါ်ကာလကို တစ်နှစ်လို့ သတ်မှတ်ပြီး ခြောက်လအထိ နှစ်ကြိမ် သက်တမ်းတိုးခွင့်ပေးထားလို့ စုစုပေါင်း ၂နှစ်ဖြစ်ပါတယ်။

၂နှစ်ပြည့်ချိန်အထိ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် နိုင်ငံတော်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်ဆိုပြီး ပုဒ်မ ၄၂၅အရ သက်တမ်းထပ်တိုးခဲ့ပြန်ပါတယ်။ ပုဒ်မ ၄၂၅ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြှောက်အောင် မဆောင်ရွက်နိုင်ရင် သာမန်အားဖြင့် ခြောက်လသက်တမ်းနှစ်ကြိမ်တိုးပေးနိုင်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။

အခုလည်းရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် တိုက်ခိုက်မှုတွေဖြစ်ပေါ်နေတဲ့ တိုင်းနဲ့ပြည်နယ်အလိုက် နေရာဒေသတွေ ကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်သွားဖို့ လိုအပ်သေး တယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌက နောက်ခြောက်လ သက်တမ်းတိုးတောင်းဆိုတာကို ကာလုံက ခွင့်ပြုပေးခဲ့တာပါ။

ခြောက်လသက်တမ်းတိုးပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ တရားမဝင် အုပ်စိုးမှုတွေ ကြာရှည်နေတာတွေကို အလွန်အမင်းစိုးရိမ်တယ်လို့ ကနေဒါသံရုံးက ဩဂုတ်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

……………………………………

သက်တော်ရှည်တရားသူကြီးချုပ်အပါအဝင် စစ်ကောင်စီပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ၁၀ဦး အနားပေးခံရ

၁၂နှစ်ကျော်ကြာ ပြည်ထောင်စုတရားသူကြီးချုပ်တာဝန်ကိုရယူခဲ့တဲ့ ဦးထွန်းထွန်းဦးအပါအဝင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် ၁၀ဦးကို ကျန်းမာရေးအရဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အနားပေးလိုက်ပါတယ်။

သာသနာရေးဝန်ကြီးဦးကိုကို၊ လျှပ်စစ်ဝန်ကြီးဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမောင်ကိုနဲ့ ဒေါက်တာအောင်ကျော်မင်းတို့ အနားပေးခံလိုက်ရတာပါ။

ဦးထွန်းထွန်းဦးဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကပင် ပြည်ထောင်စုတရားသူကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ တာဖြစ်ပြီး ၁၂နှစ်အကြာမှာ တရားသူကြီးချုပ်နေရာ ပထမဆုံးအကြိမ် အပြောင်းအလဲဖြစ်ပေါ်ခဲ့တာပါ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တစ်စတစ်စအသိအမှတ်ပြုခံလာရတဲ့ တရားစီရင်ရေးဟာ အာဏာသိမ်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ပြစ်ဒဏ်စီရင်နေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံနေရတာပါ။

ပြည်ထောင်စုတရားသူကြီးချုပ်နေရာကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ခန့်အပ်ခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီမှာ ဝန်ကြီးနေရာတွေလည်း အပြောင်းအလဲ လုပ်ခဲ့ပါသေးတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ပြည်ထဲရေးဝန်ကြီးနေရာ ပြောင်းလဲခန့်အပ်လိုက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး (၁) နေရာမှာ ခန့်အပ်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အေင်စန်းကိုလည်း ဝန်ကြီးဌာနချင်းလဲပြီး ဝန်ကြီးနေရာအပြောင်းအလဲ လုပ်ခဲ့ပါသေးတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုဖျက်သိမ်းပြီး ဝန်ကြီးဦးကိုကိုလှိုင်ကိုတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး (၂) နေရာပေးခဲ့သလို လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကိုလည်း ဟိုတယ်ခရီး ဝန်ကြီး ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

……………………………………

တရုတ်နဲ့ တရားမဝင်ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇ဘီလီယံနီးပါးရှိ

တရုတ်နဲ့ မြန်မာ တရားမဝင်ကုန်သွယ်မှုဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇ဘီလီယံနီးပါး ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ တရုတ်နိုင်ငံအကောက်အခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်ရင် ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၇ဘီလီယံနီးပါး ကွာဟနေတာပါ။

စစ်ကောင်စီရဲ့ စာရင်းမှာ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်လို့ဖော်ပြပြီး GACC ရဲ့ စာရင်းမှာတော့ အမေရိကန်ဒေါ်လာ ၂၆ဘီလီယံကျော်လို့ ပြသထားပါတယ်။

တစ်နည်းအားဖြင့် တရားမဝင်ကုန်သွယ်မှုဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါး မြင့်တက်လာတယ် လို့လည်း ဖော်ပြပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာကြား တရားမဝင်ကုန်သွယ်မှု များပြားလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။

……………………………………

နှစ်ပတ်အတွင်း ပြည်သူနှစ်သောင်းကျော် စစ်ဘေးရှောင်

လက်နက်ပဋိပက္ခတွေကြောင့် သီတင်းနှစ်ပတ်အတွင်း ပြည်သူ နှစ်သောင်းနှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရကြရသလို လူသားချင်းစာနာတဲ့အကူအညီ လိုအပ်ချက်တွေလည်း များပြားနေတယ်လို့ ဩဂုတ်လ ၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က နမ့်ဆမ်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဇူလိုင်လ ၂၆ ရက်နေ့အထိ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေက လူ ၇၀၀ ကျော် ထွက်ပြေးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

……………………………………

ရေဘေးသင့်တဲ့ စစ်ဘေးရှောင်တွေ၊ လူထောင်ချီရွှေ့ပြောင်းရသည့် ဘီးလင်းရေဘေး

စစ်ဘေးဒဏ်ကို ခံနေရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ရေဘေးဒဏ်ကိုပါ ထပ်ခံနေရသလို မွန်ပြည်နယ်မှာ ရေထပ်ပြီး ကြီးနေတာကြောင့် ဘီးလင်းမြို့နယ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရွှေ့ပြောင်းနေကြရပါတယ်။

ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းတာကြောင့် ဩဂုတ် ၂ ရက်နေ့မှကနေစတင်ပြီး ဘီးလင်း မြစ်ရေ မြင့်တက်လာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေကြီးနေတာပါ။ ဒါကြောင့် ဒေသခံတွေဟာ ကုန်မြင့်ပိုင်းတွေကို ရွှေ့ပြောင်းခဲ့ရပြီး မြို့ပေါ်မှာဆိုရင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုအထိ ဖွင့်လှစ်ထားရပါတယ်။

ဇူလိုင်လအတွင်းကလည်း မွန်ပြည်နယ်မှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တွေ ရေကြီးခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် လေးဦး သေဆုံးခဲ့ရပါသေးတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း ဇူလိုင်လ ၃၁ရက်နေ့က မိုးသည်းထန်စွာရွာသွန်းလို့ ချောင်းရေရုတ်တရက် တက်လာပြီး ရေကြီးတာကြောင့် စစ်ဘေးရှောင်တဲအိမ် အလုံး ၂ဝနဲ့ နှမ်းဧက နှစ်ရာကျော် ပျက်စီးတယ်လို့ RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ နဂိုကပင် အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေဟာ ရေဘေးကြောင့် ပိုမိုအခက်အခဲကြုံနေကြပြီဖြစ်ပါတယ်။

ဒါ့အပြင် တနင်္သာရီ၊ ရခိုင်၊ ကရင်အပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာ မြစ်ရေတက်ပြီး ရေကြီးမှုတွေ ရှိနေပါသေးတယ်။

……………………………………

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆၀၀ နီးပါးသေဆုံးတယ်လို့ NUG ထုတ်ပြန်

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လူငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၄ ကြိမ်အထိ ရှိခဲ့ပြီး နှစ်အလိုက်ဆိုရင် ၂၀၂၁ ခုနှစ်မှာ ၁၁ကြိမ်၊ ၂၀၂၂ မှာ ၈၅ကြိမ်၊ ၂၀၂၃မှာ ၄၈ ကြိမ်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက ပိုမိုပြင်းထန်လာပြီး ပိုမိုကျယ်ပြန့်လာတယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ အသက် ၁၈ နှစ်အောက် လေးဦးအပါအဝင် ၁၄ ဦး သတ်ဖြတ်ခံရတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာက ဖြစ်ရပ်လို့ ဆိုပါတယ်။

……………………………………

ကရင်နီမှာ အရပ်သား ငါးရာကျော်သေဆုံး

အာဏာသိမ်းကာအတွင်း ကရင်နီ (ကယား) ပြည်မှာ အရပ်သားပြည်သူ ၅၁၆ဦး သေဆုံးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့အထိ ကရင်နီပြည်မှာ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁ရက်နေ့က ထုတ်ပြန်ရာမှာ အခုလို ဖော်ပြတာပါ။

အရပ်သား ၃၇၅ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၁ ဦးရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအကြိမ်ရေ ၇၆၀ ကျော်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၇၀ ကျော်ရှိတယ်လို့လည်း ဖော်ပြပါတယ်။ ဘာသာရေးအဆောက်အုံ ၃၉ လုံး ဖျက်ဆီးခံရပြီး နေအိမ် ၁၆၀၀ ကျော် ပျက်စီးတယ်လို့လည်း PKPF က ထုတ်ပြန်ထားပါတယ်။

……………………………………