မြို့နယ်ပကဖမှ နုတ်ထွက်လိုက်ပြီဟု ကံပေါက် PDF ထုတ်ပြန်

0
11834

ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ပြည်သူတွေကို မျက်နှာမူတဲ့ လွတ်လပ်တဲ့ အဖွဲ့စည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ပြီး NUG ရဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ နိုင်ငံရေး စစ်ရေးကိုဟန်ချက်ညီညီ ရှေ့ဆက်နိုင်ဖို့ပါ “ ဟု နုတ်ထွက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး KBDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ် ပကဖ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် စည်းကမ်းချက်များကို လိုက်နာကျင့်သုံးမည်ဖြစ်ပြီး စစ်ရေးရည်မှန်းချက်တူသော မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း KBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က မွန်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပူးပေါင်းကာ ရေးမြို့နှင့်သံဖြူဇရပ်မြို့များတွင် မောင်းသူမဲ့လေယာဥ်အသုံးပြုတိုက်ခိုက်သည့် မိုးကြိုးစစ်ဆင်ရေးကို ဇူလိုင်လအတွင်း နှစ်ကြိမ်ပြုလုပ်ခဲ့သည်။

ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  နုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဆက်သွယ်မေးမြန်ရာ အကြောင်းထူးမရှိသေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပကဖအဖွဲ့ဝင်အဖြစ် တစ်နှစ်ကျော်သက်တမ်းအတွင်း ပကဖ အဖွဲ့ဝင်တပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှု ၅ ကြိမ်ထက်မနည်း ဆောင်ရွက်ခဲ့ပြီး အခြားမဟာမိတ်များနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၉ ရက်တွင် စတင်ခဲ့သည့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့ အဖြစ်စတင်ခဲ့ပြီးနောက် မြို့နယ်ပကဖ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အခုပြန်လည်နုတ်ထွက်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် ပြန်ရပ်တည်ခြင်းဖြစ်သည်။