ကော့သောင်းမှ ရနောင်းသို့ တရားမဝင် တင်ပို့သော ရော်ဘာပြား ကီလို ၂၀၀၀ ခန့် ဖမ်းဆီးခံရ

0
1547

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင် တင်ပို့လာသော ရော်ဘာပြား ကီလိုဂရမ် ၂၀၀၀ ခန့်ကို ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းမိကြောင်း အမှတ် (၃) ထိုင်းရေတပ်က ထုတ်ပြန်သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၂ နာရီခွဲခန့်တွင် ကော့သောင်းနယ်စပ်မှတစ်ဆင့် ရော်ဘာပြားများကို လှေဖြင့် ကရဘူရီမြစ်ကို ဖြတ်၍ ရနောင်းဘက်သို့ သယ်ဆောင်လာနေကြောင်း သတင်းအရ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

သွားရောက်စစ်ဆေးရာတွင် လူ ခြောက်ဦးခန့်သည် လှေပေါ်မှ ရော်ဘာပြားများကို သယ်ဆောင်နေကြပြီး အခြားနေရာသို့ ပို့ဆောင်ရန်အတွက် ပစ်ကပ်ကားပေါ်သို့ တင်ဆောင်နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းအာဏာပိုင်များ ရောက်ရှိချိန်တွင် လှေမောင်းသူနှင့် ရော်ဘာပြားသယ်ဆောင်နေသူများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ကျန်ရှိသော ထိုင်းနိုင်ငံသားတစ်ဦးနှင့် ကီလို ၂၀၀၀ ခန့်ရှိသော ရော်ဘာပြားများ၊ ပစ်ကပ်ကားတစ်စီးတို့ကို ဖမ်းမိခဲ့ပြီး ဆက်လက်အရေးယူနိုင်ရန်အတွက် ကရဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူများမှာ မည်သည့်နိုင်ငံသားဖြစ်သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

ထိုင်း-မြန်မာနယ်စပ် ကုန်စည်ပို့ဆောင်ရာတွင် အခွန်ပေးချေမှုကို ရှောင်ရှားရန် တရားမဝင်လမ်းကြောင်းသုံး၍ ပို့ဆောင်သကဲ့သို့ ကုန်အလေးချိန်ကို လျှော့ပြ၍ အခွန်ဆောင်ကာလည်း ပို့ဆောင်လေ့ရှိကြကြောင်း ရနောင်းအခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်းက ကိုသားကျော်က ပြောသည်။

“customs (အကောက်အခွန်) ဥပဒေမျိုးကတော့ တရားရုံးထောင်ကို ပို့တယ်။ တချို့ကျတော့လည်း ညှိလို့ရရင် ညှိလိုက်တာလေ။ တချို့ ညှိမရတဲ့ အဖွဲ့တွေဆိုရင်တော့ တစ်ခါတည်း တရားရုံးပို့တယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သော ဇွန်လ ၂၁ ရက်နေ့ကလည်း ရနောင်းမြို့မှ ကော့သောင်းမြို့သို့ တရားမဝင် မှောင်ခိုပို့ဆောင်ရန် ပြင်ဆင် နေသော ဆိုင်ကယ် နှစ်စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦးမှာ မြစ်ထဲခုန်ချ ထွက်ပြေးခဲ့သည်။