❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း  – (၃) ❞

0
2045

ကိုယ်တို့နေခဲ့တဲ့ မူလတန်းကျောင်းမှာ စာမေးပွဲပြီးလို့ အောင်စာရင်းထွက်တယ် ဆိုတာမျိုး မရှိခဲ့ပါဘူး။ အခြားရွာက ကျောင်းတွေမှာတော့ မပြောတတ်ပါ။ နောက်နှစ် ကျောင်းပြန်ဖွင့်ချိန် အရင်နှစ်က တက်ခဲ့တဲ့အတန်းမှာပဲ တစ်ပတ်လောက် စာမသင်ရဘဲ ဆက်ထိုင်နေရပါတယ်။

ကျောင်းသားအသစ်တွေ လက်ခံတဲ့ကိစ္စ၊ ရပ်ဝေးကလာတဲ့ ဆရာ/မတွေရဲ့ နေရေးထိုင်ရေး ကိစ္စ၊ ကျောင်းသန့်ရှင်းရေးကိစ္စတွေ ပြီးတော့မှ အတန်းပိုင်ဆရာက ဘယ်သူတွေတော့ ဘယ် အတန်းကိုသွားဆိုပြီး အမည်စာရင်းခေါ်ကာ အတန်းပြောင်းခိုင်းလေ့ရှိပါတယ်။ အမည်စာရင်း မပါတဲ့ သူတွေကတော့ စာမေးပွဲရှုံးသူတွေပဲပေါ့။

ကျောင်းဆောင်အသစ်ဆောက်ဖို့ ဒါမှာမဟုတ် ပြုပြင်ဖို့လိုအပ်ရင် ကျောင်းသားမိဘတွေကို အစည်းအ‌ဝေးခေါ်ပြီး အလှူခံရပါတယ်။ ဆရာ/မတွေ မလုံလောက်ရင်လဲ ဒီလိုပဲ ကျောင်းသား မိဘတွေက စုပေါင်းဖြေရှင်းရလေ့ ရှိပါတယ်။

အခုခေတ်လိုမျိုး အစိုးရက ချပေးတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ရှိခဲ့ရင်လည်း ကိုယ်တို့ရွာနီးချုပ်စပ်မှာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကိုယ်တို့ခေတ်က စာသင်ကျောင်း တွေဟာ တချို့ရွာမှာ ထရံကာ သက်ကယ်မိုး၊ တချို့ရွာတွေမှာ သစ်သား ဓနိမိုး၊ တချို့ရွာမှာ ကွန်ကရိ သွပ်မိုးနဲ့ ပုံစံအမျိုးမျိုး ဖြစ်နေကြတာပေါ့။

အဲဒီခေတ်ကတော့ ပညာရေးမှ မဟုတ်ပါဘူး ဘာကိစ္စမဆို ကျေးရွာလူထုက လုပ်အား ငွေအား ထည့်ဝင်ပြီး လုပ်ခဲ့ကြရတာချည်းပါပဲ။ ဒါကြောင့်လဲ ဒီနိုင်ငံမှာ အခြေခံလိုအပ်ချက်တွေ က ဒီနေ့အထိ ကြီးမားနေဆဲ ဖြစ်နေရတာလို့ မြင်ပါတယ်။

မှတ်မှတ်ရရ လေးတန်းအောင်တဲ့နှစ်မှာ ဆရာကြီးက အုပ်ထိန်းသူကို ခေါ်ခိုင်းပါတယ်။ ပြီး‌ တော့ အမေ့လက်ထဲကို ကျောင်းထွက်လက်မှတ်လို့ပြောပြီး စာအိတ်တစ်အိတ်ပေးကာ အလယ် တန်းကျောင်းကို အချိန်မီသွားအပ်ဖို့ ပြောလာပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ်ရော မိဘ အုပ်ထိန်းသူတွေကပါ ကိုယ့်ကို အလယ်တန်းကျောင်း ဆက်တက်ခိုင်းဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဆရာကြီးရဲ့ တိုက်တွန်းချက်အရ ငြင်းဖို့လဲခက်နေပုံရပါတယ်။ ကိုယ့်မိသားစုမှာရော အမျိုးတွေ အထဲမှာပါ အလယ်တန်းကျောင်း တက်ခွင့်ရသူက ရှားပါတယ်လေ။ ဒါနဲ့ပဲ ကျောင်းဆက် တက်ဖို့ ဖြစ်လာတယ်ဆိုပါတော့။

လေးတန်းအောင်တော့ ကိုယ်တို့ရွာနဲ့ တစ်မိုင်သာသာဝေးတဲ့ အလယ်တန်းကျောင်း ရှိတဲ့ ရွာမှာ ကျောင်းသွားတက်ကြရပါတယ်။ ကိုယ်တို့တွေ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရွာမှာလည်း အလယ်တန်းကျောင်းဖြစ်တာ မကြာသေးလို့ပါ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကဆို ကိုယ်တို့ရွာနဲ့ ဆယ်မိုင်အတွင်းမှာ အလယ်တန်းကျောင်း ဆိုတာ မရှိခဲ့သေးပါဘူး။

ဒါကြောင့်လဲ ပတ်ဝန်းကျင်ရွာပေါင်း(၁၂)ရွာခန့်က အလယ်တန်းတက်မဲ့ ကျောင်းသား အားလုံးနီးပါးက ဒီကျောင်းမှာပဲ စုနေကြတော့ ကျောင်းသူကျောင်းသားအများကြီးနဲ့ ကိုယ်တွေ အတွက်တော့ ကမ္ဘာသစ်ကြီး တစ်ခုပဲပေါ့။

ကျောင်းသားအများစုက ခြေကျင်ပဲ ကျောင်းကိုသွားလေ့ရှိကြပါတယ်။ တခါတလေတော့ လဲ ဖောက်သည်မကားကြီး တွယ်စီးလို့ပေါ့။ ဒါကလဲ ကားမှာလူနည်းတဲ့အခါ၊ စိတ်ရင်းကောင်းတဲ့ ကားဆရာနဲ့တွေ့တဲ့အခါမှပါ။ ငွေကြေးတတ်နိုင်သူ အနည်းအကျဉ်းမှာတော့ စက်ဘီးရှိကြပါ တယ်။ ဒါပေမဲ့ အဲဒီခေတ်စက်ဘီးတွေက ပိုက်ဆံတတ်နိုင်ရင်တောင်မှ လူကြီးတွေစီးတဲ့ ဘားတန်း အမြင့်ပါတဲ့ စက်ဘီးတွေဖြစ်လေတော့ ကိုယ်တို့ကလေးတွေ စီးရတာ အဆင်အပြေလှဘူး။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ဘယ်လိုမှ စီးလို့အဆင်မပြေတဲ့ စက်ဘီးမျိုးပါ။

ခေတ်အနေနဲ့ပြောရရင်တော့ တစ်ပါတီတည်းရှိတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ပေါ့။ မူလတန်းကျောင်းသားအရွယ်ဆို တေဇလူငယ်၊ အလယ်တန်းကျောင်းသား အရွယ်ဆို ရှေ့ဆောင်လူငယ်၊ အထက်တန်းကျောင်းသားအရွယ်ကိုတော့ လမ်းစဉ်လူငယ်ဆိုပြီး ကျောင်းသူ ကျောင်းသားအားလုံး လျှောက်လွှာတွေကို ဖြည့်ကြရပါတယ်။ ဘာမှတော့ အသေအချာ မသိကြ ပါဘူး။

ဒီအဖြစ်တွေကို မြို့ကျောင်းတွေက ပိုသိနိုင်ပါတယ်။ ကိုယ်တို့ကျောင်းက ရွာကျောင်းဆို ပေမဲ့ နိုင်ငံအဆင့် အပန်းဖြေစခန်းနဲ့နီးတော့ လူကြီး(VIP) ဆိုတဲ့ပုဂ္ဂိုလ်တွေက မကြာခဏ ကျောင်းကိုဝင်ထွက်ပြီး သြဝါဒပေးတဲ့အခါ ကြိုဆိုတာတွေ ဟန်ရေးပြတာတွေ လုပ်ကြရပါတယ်။ ဒါ့အပြင် ဘာသင်တန်း ညာသင်တန်းဆိုတာလဲ အမြဲလိုလို ရှိပါတယ်။ အခုမှသာ ကျောင်းသားနဲ့ နိုင်ငံ‌ရေးကို မအပ်စပ်တဲ့အရာလို ဝါဒဖြန့်နေကြတာပါ။ (ထားပါတော့လေ ဒီအကြောင်းတွေကို ဆိုင်ရာအခန်းရောက်မှ ပြောကြသေးတာပေါ့။)

အဲဒီခေတ်က ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝမှာ ဘယ်သူမှ ကင်းလို့မရတဲ့ အရာ တစ်ခုရှိပါတယ်။ အဲဒါကတော့ သမဝါယမဆိုင်ပါပဲ။ နိုင်ငံက ကျင့်သုံးနေတဲ့ စီးပွားရေးစနစ်အရ သမဝါယမဟာ နိုင်ငံတော်အဆင့်ကနေ ကျေးရွာအဆင့်အထိ အတော်ကိုအရေးကြီးတဲ့ ကဏ္ဍမှာ ရှိပါတယ်။ “ သမဝါယမ စီမံကိန်း အောင်မြင်ရေးသည် အဓိက ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရှိတဲ့ဆိုင်က ရွာတိုင်းနီးပါးမှာ ရှိပါတယ်။ ဆိုင်ဝန်ထမ်းတွေဖြစ်တဲ့ အရောင်းစာရေး၊ ဆိုင်တာဝန်ခံတွေရဲ့ မျက်နှာ တွေကလည်း တင်းလှပါတယ်။

အဝတ်အထည်၊ ဆန်၊ ဆီ ကစလို့ ဆပ်ပြာ၊ သွားတိုက်ဆေးအထိ လူသုံးကုန်ပစ္စည်း အတော် များများ ရပါတယ်။ လိုချင်သလို ဝယ်လို့မရပါဘူး။ အိမ်ထောင်စုလူဦးရေစာရင်း အတိအကျပါတဲ့ ဈေးဝယ်ခွင့် စာအုပ်လေးကိုင်လို့ တန်းစီစောင့်ပြီး ခွဲတမ်းအရ ဝယ်ရတာပါ။ အဲဒီစာအုပ်မရှိတဲ့ အိမ်တွေလဲ အများအပြားရှိပါသေးတယ်။

ပစ္စည်းကိုမြင်နေရပေမဲ့ သူတို့ရောင်းတဲ့ပစ္စည်းကိုပဲ ဝယ်ရပါတယ်။ ဥပမာ ကိုယ်က ဆပ်ပြာ ပဲလိုချင်ပေမဲ့ အပ်ချည်လုံးကို မဖြစ်မနေ ဝယ်ရပါတယ်။ နို့ဆီဗူးလို့ချင်ရင် ကိုယ့်အနေနဲ့ အသုံး လိုလို မလိုလို ဓါတ်ခဲကိုလည်း တွဲပြီးယူရတဲ့သဘောပါ။ ဒါဆို ကျန်တဲ့ပစ္စည်းတွေ ဘယ်လိုဝယ်သုံး သလဲလို့ မေးစရာရှိပါတယ်။ အပြင်ဈေးဆိုင်မှာ ဈေးကြီးပေးပြီး ဝယ်သုံးရတယ်ပေါ့။ 

သမဝါယမအမှုဆောင်အဖွဲ့မှာ ပါဝင်ခွင့်ရဖို့ ဆိုင်တာဝန်ခံဖြစ်ဖို့ အရောင်းစာ‌ရေးဖြစ်ဖို့ဆို ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ရာနှုန်းပြည့်ပါတီဝင်ဖြစ်ဖို့ လိုပါတယ်။ သာမန်လူတွေ အနားကပ်ခွင့် မရှိပါဘူး။ လူလည်ကြီးများသာ လုပ်ခွင့်ရှိတဲ့နေရာပေါ့။

ကျောင်းသူကျောင်းသားတွေ လိုအပ်တဲ့ စာရေးကိရိယာတွေကိုလည်း သမဝါယမဆိုင်မှာပဲ ဝယ်ယူရပါတယ်။ ကိုယ်တို့လို သာမန်ကျောင်းသားတွေက စာရေးကိရိယာကို မဲနှိုက်ပြီး မပြည့် မစုံဖြစ်နေချိန်မှာ သမဝါယမဆိုင်က လူကြီးသားသမီးတွေကတော့ စာအုပ်အသစ်တွေ ကွန်ပါဗူး အသစ်တွေကို ထည်လဲသုံးခွင့် ရနေတဲ့ခေတ်ပေါ့။

ကျောင်းအုပ်ဆရာကြီးက အသားဖြူဖြူ ဥပတိရုပ်ဖြောင့်ဖြောင့်နဲ့ ဂျပန်နိုင်ငံကို လေ့လာ ရေးသွားခွင့်ရတဲ့ အင်္ဂလိပ်စာကောင်းတဲ့ ဆရာကြီးပါ။ အာဇာနည်နေ့၊ အမျိုးသားနေ့၊ ပြည် ထောင်စုနေ့လိုမျိုး နေ့ထူးနေ့မြတ်တွေ နီးလာရင် စာစီစာကုံးပြိုင်ပွဲ အမြဲလုပ်ပြီး ဟောပြောပွဲ အခမ်းအနားနဲ့ ဆုပေးလေ့ရှိတယ်။ အခါအားလှော်စွာ ကျောင်းကပွဲတွေ ကျင်းပပြီး ဆိုကြကကြ ရပါတယ်။

အဆိုကောင်း အတီးကောင်းတဲ့ ဆရာ ဆရာမတွေရှိပါတယ်။ ဘောလုံးကန်ကောင်းတဲ့ ဆရာရှိသလို မြန်မာစာကောင်းတဲ့ စာရေးဆရာ ကျောင်းဆရာလည်း ရှိပါတယ်။ သမိုင်းကို ပြဌာန်းစာအုပ်ထဲက ခေါင်းစဉ်ပဲယူပြီး စာအုပ်ထဲမှာမပါတဲ့ သမိုင်းကြောင်းတွေကို အားကြိုး မာန်တက် သင်တဲ့ဆရာလည်းရှိခဲ့ပါတယ်။

ဧသုနိုင်

ဆက်လက်ဖော်ပြပါမည် >>>>