ကျွန်းစုတွင် ခရီးသည်တင် စက်လှေတစ်စီးကို စစ်ကောင်စီ ဖမ်းဆီး

0
2351

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာရှိ ခရီးသည်စက်တင်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးဖွဲ့ကို ထောက်ပံ့နေသည်ဆိုကာ ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။

အဆိုပါ စက်လှေသည် ကျေးရွာမှထွက်ရှိသည့် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး၊ လိုအပ်သည့် စားသောက်ကုန်စည်များ ဝယ်ယူကာ ရွာသို့ပြန်ဆင်းစဉ် သဇင်ကျေးရွာ ချောင်းဝအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောပြသည်။

“PDF ကို ငွေထောက်ပံ့တယ်ဆိုပြီး လှေရော ကုန်ပစ္စည်းတွေပါ သိမ်းထားတယ်။ လူတွေက အစစ်ဆေးခံရနေတုန်းပဲ” ဟု မြိုင်သာရွာသားက ပြောသည်။

ယင်းစက်လှေပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကိုလည်း ဖမ်းဆီးထားကြောင်း ယင်းလှေနဲ့ နီးစပ်သူအချို့က ဆိုသည်။

“တ‌စ်နေ့ကပဲ မြိတ်မှာ မီးသွေးအိတ်‌တွေ လာရောင်းသွားသေးတယ်။  ပြန်ဆင်းသွားတာ ရွာတောင်မရောက်သေးဘူး။ အဖမ်းခံထိတဲ့သတင်းကြားရတာပဲ။ ‌လှေပေါ်မှာ မွေးကင်းစ ကလေးတစ်ဦးတောင် ပါသွားသေးတယ်” ဟု ခရီးသည်တင် စက်လှေနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စက်လှေပေါ်တွင် စားသောက်ကုန်များအပြင်၊ ဆန်အိတ်ရေ ၅၀ ကျော်ခန့် ပါရှိကြောင်း ၎င်းက ပြောပြသည်။

ယင်းခရီးသည်တို့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးနေသည်ကိုမူ မသိရှိရသေးပေ။

အဆိုပါ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ရှော်တောမှော်ရဲစခန်းကို ဇူလိုင်လ ၂၅ ရက် ည ၇ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။