တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1835

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

ကျပ်ငွေယုံကြည်မှုကျပြီး အကျပ်အတည်းပိုဆိုက်လာတဲ့ နှစ်သောင်းတန်

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်မယ့်လို့ ကြေညာပြီးနောက်မှာ ဈေးကွက်တွေ ရပ်ဆိုင်းသွားတာ၊ ဈေးတွေ ထိုးတက်သွားတာအပြင် ကုန်ဈေးနှုန်းတွေ မြင့်တက်တာတွေ ကြုံနေရပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ နှစ်သောင်းတန်စထုတ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ရက် မနက်ပိုင်းမှာ ကြေညာခဲ့တာပါ။ အဲဒီနေ့မှာပဲ ရွှေ၊ ဒေါ်လာတွေ ဈေးမဖွင့်တော့ဘဲ ဈေးကွက် ရပ်သွားပါတယ်။ ဈေးကွက်က ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားလို့ ဈေးတွေလည်း ခုန်တက်သွားပါတယ်။

ကျပ် ၃၂ သိန်းဝန်းကျင်ရှိတဲ့ ရွှေဈေးက ၃၅သိန်းကျော်ဖြစ်လာပြီး ဒေါ်လာဈေးဟာလည်း ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၃၁၀၀ ပေါက်နေရာကနေ ၃၅၀၀ ကျပ်အထိ ဖြစ်လာတာပါ။

ဒါ့အပြင် အိမ်ခြံမြေ၊ ကားဈေးတွေလည်း ခုန်တက်သွားပြီး ဝယ်လို့ မရတော့အောင် ဈေးကွက်ထဲ ကသောင်းကနင်း ဖြစ်သွားပါတယ်။

အများပြည်သူနေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း ခုန်တက်သွားသလို ဆန်အပါအဝင် စားသောက်ကုန်တချို့ လိုသလောက် မှာယူလို့ မရတာတွေပါ ကြုံလာရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီကထုတ်မယ့် ကျပ်နှစ်သောင်းတန်ကို အသိအမှတ် မပြုကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက လိုအပ်တဲ့ ဘဏ္ဍာငွေကို စက္ကူသစ် ရိုက်ထုတ်ပြီး အရေးပေါ်ဖြည့်တင်းဖို့ လုပ်နေတာလို့လည်း ဆိုပါတယ်။

ဒါဟာ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတွေကို စုံပြုံခံစားနေရချိန် ပြည်သူလူထုအပေါ် ထပ်ပြီး ဒုက္ခအကျပ်အတည်းဆိုက်ရောက်စေတယ်လို့ ထောက်ပြပါတယ်။

အကန့်အသတ်နဲ့ ထုတ်တာဖြစ်လို့ ငွေကြေးဖောင်းပွတာ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပေမယ့် ဈေးကွက်ထဲမှာ ဈေးတွေ ခုန်တက်နေသလို ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူတွေ ဒုက္ခကြီးမားနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ 

……………………………………

နိုင်ငံရေးထွက်ပေါက်ရှာလာတဲ့ စစ်ကောင်စီ

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့လိုက်ပြီး စစ်ကောင်စီဘက်က သွားရောက်တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒုတိယဝန်ကြီးအဆင့် နေထိုင်တဲ့ နေအိမ်တစ်လုံးသို့ ဇူလိုင်လ ၂၄ ရက်မှာ ပြောင်းရွှေ့ခဲ့တာလို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတချို့မှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့ တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဦးတီခွန်မြတ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ပြီး ကာလုံအစည်းအဝေး တွေမှာ တွေ့ရလေ့ရှိသူဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ်အထူးကိုယ်စားလှယ်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ကောင်စီဟာ ဒီမတိုင်ခင် ဇူလိုင်လ ၉ ရက်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါသေးတယ်။

ဒီလိုတွေ့ဆုံခွင့်ပေးတာ၊ စစ်ကောင်စီဘက်က သွားရောက်တွေ့ဆုံနေတာ၊ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တာတွေ ဆက်တိုက်လုပ်လာတာဟာ စစ်ကောင်စီ ကြုံတွေ့နေရာတဲ့ ပြည်တွင်း ပြည်ပက နိုင်ငံရေးအကျပ်အတည်းကို ထွက်ပေါက်အဖြစ် အသုံးချဖို့ လုပ်နေတာလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေ ဝေဖန်ထောက်ပြနေကြပါတယ်။

အားကောင်းနေတဲ့ တော်လှန်ရေးကို အရှိန်လျော့ကျအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ကြားကာလ အစိုးရဖွဲ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ ပါသေးတယ်။ အခုလိုအခင်းအကျင်းတွေကြောင့် ဘာတွေ အပြောင်းအလဲဖြစ်လာမလဲ ဇူလိုင်လ ၃၁ ရက်မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးကို စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

……………………………………

ဘုတလင် ဗကသရုံးစီးနင်းခံရ၊ ဥက္ကဋ္ဌအပါအဝင် ဗကသ သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဗကသ ရုံးခန်း ဝင်ရောက်စီးနင်းခံရပြီး မြို့နယ် ဗကသ ဥက္ကဋ္ဌ အပါအဝင် သုံးဦးကျဆုံးတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ညောင်ကန်ရွာနဲ့ စိုင်ပြင်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၈ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ညောင်ကန်ရွာမှာ ဖွင့်ထားတဲ့ ဗကသရုံးခန်းလည်း စီးနင်းခံရတာပါ။

မြို့နယ် ဗကသ ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် ကိုကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုကြယ်စင်ငြိမ်းချမ်း၊ သတင်းပြန်ကြားရေးမှူးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုသုတနေတို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီစီးနင်းမှုမှာ စစ်ကောင်စီတပ်က နေအိမ်မီးရှို့တာတွေလည်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် ရုပ်အလောင်းသုံးလောင်းလည်း ထပ်တွေ့တယ်လို့လည်း သတင်းတချို့မှာ ဖော်ပြကြပါတယ်။

……………………………………

KIA ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

လိုင်ဇာနဲ့ မိုင်အနည်းငယ်ပဲဝေးတဲ့ မဒီးယန်နဲ့ အောင်ဂျာယန်ရွာကြားကို ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၀ နာရီကျော် လောက်မှယ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးထိမှန်လို့ နေအိမ်တွေ ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KIA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားခဲ့တာကြောင့် လေကြောင်းကနေ စစ်ကူလာပေးတာလို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

KIA ဌာနချုပ်အနီးက နန်ဆန်ယန် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ဇူလိုင်လ ၃ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

……………………………………

တိုင်းမှူးတွေ ဖမ်းဆီးခံရတာ၊ အပြောင်းအလဲလုပ်တာတွေရှိလာ

စစ်ကောင်စီတပ်က စစ်တိုင်းမှူးတွေနဲ့ စစ်တပ်အရာရှိတချို့ကို ဖမ်းဆီးစစ်ဆေးတာ အပြောင်းအလဲလုပ်တာတွေ ရှိနေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ အရာရှိတချို့ ဖားကန့်က ကျောက်စိမ်းကိစ္စတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ စစ်ဆေးခံရပြီး တစ်ပတ်ခန့်အကြာမှာ တိုင်းမှူးနေရာ အပြောင်းအလဲဖြစ်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ်စိုးလှိုင် တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခံရတာလို့ ဆိုပါတယ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနဲ့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မဇ္ဈိမ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်ကနေ အထူးအဖွဲ့က လာရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဘာကြောင့် ဖမ်းဆီးတာကို မသိရသေးပေမယ့် ဗိုလ်မှူးချုပ်သစ်လွင်ထူးကို ဒုတိုင်းမှူးရာထူးကနေ ဖယ်ရှားပြီး အရန်အင်အားထဲ ထည့်လိုက်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ်ဝင်းကျော်သူကိုတော့ နေပြည်တော်မှာဆက်လက်စစ်ဆေးနေပြီး တနင်္သာရီတိုင်းနယ်လုံဝန်ကြီးကိုလည်း ဆက်လက်ဖမ်းဆီးထားတဲ့အပြင် သူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ချိပ်ပိတ်ထားတယ်လို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်အတွင်း ရဲချုပ်နေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ဇင်မင်းထက်နေရာမှာ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်ကို အစားထိုးခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခန့်ထားပြီး ပြည်ထဲရေးဒုဝန်ကြီးရာထူးကိုလည်း ပူးတွဲကိုင်တွယ်ရမှာဖြစ်ပါတယ်။

……………………………………

ခြောက်ရက်အတွင်း လူခြောက်ထောင်ကျော် စစ်ဘေးရှောင်ရ

လက်နက်ပဋိပက္ခတွေကြောင့် ခြောက်ရက်အတွင်း ပြည်သူခြောက်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၅ ရက်နဲ့ ၂၀ ရက်ကြားမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ လူခြောက်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ကစတင်တဲ့ ရေကြီးမှုတွေကြောင့်လည်း ဆိုးရွားတဲ့အခြေအနေတွေကို ထပ်လောင်းဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ဒသမ၉ သန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

……………………………………

မြန်မာလုပ်သားတွေ အနာဂတ်မရေရာလို့ ILO ထုတ်ပြန်၊ အမျိုးသမီးတွေ အလုပ်မရတာပိုများလာ

မြန်မာနိုင်ငံက အလုပ်သမားအများအပြားဟာ မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ဇူလိုင်လ ၂၇ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ကပ်ဘေး၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ လူမှုစီးပွားဖရိုဖရဲ ဖြစ်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်လက်ခံစားနေရတယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်ရရှိမှု ကျဆင်းလာနေသလို အဲဒီထဲမှာ အလုပ်အကိုင်နဲ့ လူဦးရေအချိုးအစားနှိုင်းယှဉ်ရင် အလုပ်အကိုင် မရရှိတဲ့နေရာမှာ အမျိုးသမီးက အမျိုးသားထက် နှစ်ဆက်ပိုများတယ်လို့ ILO က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အစိုးရရဲ့ စည်းကြပ်မှုအောက်မှာ မရှိတဲ့ လုပ်ငန်းကဏ္ဍအတွင်းသို့ အလုပ်သမားတွေ ပိုပြီးတွန်းပို့ ခံနေရပြီး အလုပ်အကိုင်အရည်အသွေး ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်အလားအလာအတွက် အလွန်အရေးပါတဲ့ အခြေအနေမှာရှိနေတယ်လို့ ILO (မြန်မာ) ရဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိက ပြောပါတယ်။

……………………………………