အွန်လိုင်းအရောင်းတွေ ဘာလို့မှတ်ပုံတင်ခိုင်းတာလဲ

0
1968

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်‌တွင် အချက် ၃ ချက်ပါဝင်သည်။

ယင်းအချက် ၃ ချက်အနက် နံပါတ် ၂ အချက်တွင် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါအချက်အရ အမိန့်စာထုတ်ပြန်ပြီး ၆ လပြည့်မြောက်သည့် နေ့မှစတင်ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဟု ရေးသားဖော်ပြထားသည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ တွင် မည်သူမဆို ပုဒ်မ ၄ အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်ရမည့်ပြင် ကျပ် ၅ သိန်းထက် မပိုသည့် ငွေဒဏ်အား ချမှတ်ခြင်းခံရမည်ဟု ဖော်ပြထားသည်။

အလားတူ ဇူလိုင်လ ၂၁ ရက်နေ့တွင်ပင် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက် အမိန့်တွင် မှတ်ပုံတင်လက်မှတ်အတွက် မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခ တို့အား ပေးသွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခ အတွက် ကျသင့်ငွေအား ဖော်ပြထားခြင်း မရှိပေ။

မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခအနေဖြင့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ရောင်းအဝယ်ပြုလုပ်ခြင်းမှ ရသည့်ငွေကြေးပမာဏအပေါ်တွင် ရာခိုင်နှုန်းဖြင့် ပေးဆောင်ရနိုင်ကြောင်း အွန်လိုင်းရောင်းသူများက ခန်းမှန်းနေကြသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်အဖြစ် ပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်း အောက်ကျရောက်နေသော မြန်မာနိုင်ငံတွင် အွန်လိုင်းစျေးရောင်းမှုအပေါ် အခွန်စည်းကြပ်ရန် လုပ်လိုက်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများလည်းရှိနေသည်။

ယင်းကြေညာချက်ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ စီးပွား/ကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် စားသုံးသူများမှာ online sales ကြောင့် အလိမ်ခံရ၊ အနုပညာရှင်များနှင့် ကုန်ပစ္စည်း ထုတ်လုပ်သူအချို့ မူပိုင်ခွင့်ချိုးဖောက်ခံရ မှုများရှိနေပြီး စားသုံးသူရေးရာ ဦးစီးဌာနတွင်လည်း နစ်နာသူများ၏ တိုင်စာများ အများအပြား လက်ခံရရှိနေကြောင်း ဆိုသည်။

ယခုထုတ်ပြန်လိုက်သော အမိန့်မှာ အွန်လိုင်းရောင်းချခြင်းကို ပိတ်ပင်သည့်၊ တားမြစ်သည့်အမိန့် မဟုတ်ကြောင်း ရောင်းသူအားလုံး ဥပဒေနှင့် မဆန့်ကျင်သော ပစ္စည်းမှန်သမျှ မှတ်ပုံတင်ပြီး လက်ရှိအတိုင်း ဆက်ရောင်းနိုင်ပါကြောင်း၊ မမှန်မကန်လုပ်ပါက အစိုးရက စားသုံးသူဘက်ကရပ်တည်မည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းအပြင် အွန်လိုင်းက ကုန်ရောင်းလိုသူ၊ ဝန်ဆောင်မှုရောင်းလိုသူ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ အားလုံးမှတ်ပုံတင်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ကမူ မှတ်ပုံတင်ကြေး သက်သာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအခြေအနေနှင့် အမြင်အမျိုးမျိုးကို သိရှိနိုင်စေရန် ယခုအပတ်နင်္သာရီ ပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။ စစ်ကောင်စီ၏ စီးပွား/ကူးသန်း ဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်း စားသုံးသူ‌ရေးရာ ဦးစီးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း မေးမြန်းခွင့်မရခဲ့ပေ။

“တကယ်(တိုင်လို့ တကယ်အရေးယူတာမျိုး) ရမယ်ဆိုလို့ကတော့ ကျွန်မတို့က ကပြီးတောင်(မှတ်ပုံ)သွားတင်ဦးမှာ”

‘ဇင်’ အလှကုန်ပစ္စည်း အွန်လိုင်းဈေးရောင်းသူ

DW ။ အွန်လိုင်းကနေ ဈေးရောင်းနေတဲ့သူတွေ မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ထားတယ်။ မှတ်ပုံတင်ဖြစ်မှာလား။

ဖြေ ။ တင်မတင်ဆိုတာ ပြောလို့မနိုင်သေးဘူးအခုချိန်မှာ။ စောင့်တော့စောင့်ကြည့်နေတယ်။ သူများတင်ရင်တော့တင်ဖြစ်မယ်ထင်တယ်။ ကျွန်မတစ်ယောက်တည်းသဘောနဲ့ဆိုရင်တော့ တင်ဖြစ်မှာမဟုတ်ဘူး။

DW ။ ဘာဖြစ်လို့မတင်တာလဲ။

ဖြေ ။ ကျွန်မရောင်းနေတဲ့ (အလှကုန်) ပစ္စည်းတွေက ကုမ္ပဏီကနေ တစ်ဆင့်ယူပြီးရောင်းတာ။ ကုမ္ပဏီက မှတ်ပုံတင်ထားပြီးသား၊ လိုင်စင်တွေအားလုံးလုပ်ထားပြီးသား။ တရားဝင်လိုင်စင်နဲ့လုပ်နေတာ။ FDA ဆိုလည်း FDA အကုန်လုံး ဝင်ထားပြီးသား။ အဲဒါကို တစ်ခါလိုင်စင်ထပ်လုပ်ရမယ်(မှတ်ပုံတင်ရမယ်) ဆိုတော့ အဆင့်ဆင့်လိုင်စင် လုပ်နေရသလိုဖြစ်နေတယ်။

DW ။ စားသုံးသူတွေကိုကာကွယ်ပေးနိုင်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ဆိုပြီးတော့ အွန်လိုင်းဈေးရောင်းသမားတွေကို မှတ်ပုံတင်ခိုင်းတာလို့ပြောတာပေါ့လေ။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ပထမတစ်ချက်ပြောချင်တာက အွန်လိုင်းဈေးရောင်းတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ပြီးမှ လုပ်ရတဲ့အလုပ်။ ကျွန်မသာ လိမ်ညာနေတဲ့သူဆိုရင် အခုလိုမျိူး ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး။ မှာတဲ့ပစ္စည်းသက်တမ်းကုန်နေတာ။ အရည်အသွေးမပြည့်တာဆိုရင် ကြိုက်တဲ့အချိန်လာလဲ။ လဲပေးတယ်။ အဲဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကိုယ့်ပစ္စည်းကိုရောင်းတယ်။ ကိုယ်လည်းသူများဆီမှာဝယ်တယ်။

DW ။ ဒါပေမဲ့ တစ်ချို့ရှိတယ်မလား။ မှာတဲ့ပစ္စည်းကတစ်မျိူး၊ ရောက်လာတာကတစ်မျိုးတစ်ချို့ကျတော့ ပိုက်ဆံယူပြီး ပစ္စည်းမရတာမျိူးတွေလည်း အွန်လိုင်းဈေး‌ကွက် တော်တော်ပြောကြတယ်လေ။

DW ။ ကျွန်မပြောတာက မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ နေရာတိုင်းမှာ လူကောင်းရှိသလို၊ လူဆိုးလည်းရှိတယ်။ ကျွန်မတို့( အွန်လိုင်းဈေးကွက်) မှာလည်း အဲလိုလူတွေရှိတာပဲ။ ဒါပေမဲ့ လိုင်စင်( မှတ်ပုံတင်) လုပ်လိုက်တာနဲ့ အဲဒီလူ‌တွေက လုံးဝပျောက်သွားမှာမဟုတ်ဘူး။ အခုနေ (Facebook) Page တစ်ခုထောင်ပြီး ရောင်းနေတဲ့သူ ဘယ်သူဘယ်ဝါဆိုတာ သူတို့သိတာမဟုတ်ဘူး။ မသိတာကြီးကို ဘယ်လိုလုပ်လိုက်ပြီး လိုက်ဖမ်းမယ်လဲ။ သူများနိုင်ငံတွေလို နည်းပညာတွေအရမ်းမြင့်နေလို့လား။ တကယ်တိုင်ရင်ရော လုပ်ပေးမယ်လို့ထင်လား။ အဲလိုမျိူးသာ တကယ်ရမယ်ဆိုလို့ကတော့ ကျွန်မတို့က ကပြီးတောင်(မှတ်ပုံ)သွားတင်ဦးမှာ။ ကျွန်မတို့ကိုယ်တိုင်လည်း တိုင်လို့ရတယ်လေ။ ဘယ်သူကတော့ လိမ်ပြီးရောင်းနေပါတယ်ဆိုပြီး။ ဘယ်သူကတော့ ပိုက်ဆံမမှန်ဘူး။ ဘယ်သူကတော့ လက်ကတ်တယ်။ အချင်းချင်းသိနေကြတာပဲကို။

DW ။ ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်။

“စရိတ်စကကို အွန်လိုင်းရောင်းတဲ့သူတွေက စားသုံးသူရဲ့ ကုန်ပစ္စည်းအပေါ်မှာပဲ သွားပြီးထပ်တိုးသွားမှာ”

မြိတ်မြို့ရှိ အွန်လိုင်းစနစ်ဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချနေသည့် တောင်သူတစ်ဦး။

DW ။ အွန်လိုင်းဈေးကွက်ဆိုတာ ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ။

ဖြေ ။ အွန်လိုင်းဈေးကွက်စနစ်ဆိုတာက ကိုဗစ်ကနေ မွေးဖွားလာတယ်လို့ ပြောရမယ်၊ အဲသည်တုန်းက အပြင်သွားလာခွင့် မရတဲ့အတွက် delivery စနစ်တွေဖြစ်လာတယ်၊ အဆိုးထဲက အကောင်းဆိုသလိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်း အသစ်တစ်ခု ပေါ်လာတာပေါ့၊ အရင်ကဆိုရင် အီလက်ထရောနစ်ပစ္စည်းတွေ၊ တန်ဖိုးရှိတဲ့ လူ့အသုံးဆောင်တွေပဲ ရောင်းကြဝယ်ကြတာလေ၊ ကိုဗစ်ဖြစ်သွားတယ်၊ နောက်ပြီး နိုင်ငံရေးအခြေအနေတစ်ခုကြောင့် အပြင်ကိုထွက်ဖို့ အခက်ခဲရှိလာတယ်၊ သက်ကြီးရွယ်အိုတွေဆိုရင် အိမ်မှာလူအပို မရှိတဲ့သူတွေအတွက်ဆိုရင် တော်တော်ကို အဆင်ပြေသွားတဲ့ အရောင်းအဝယ်ငယ်တစ်ခု‌ ဖြစ်လာတာပေါ့။

DW ။ ဒီလိုအွန်လိုင်းဈေးကွက် delivery စနစ်က ဘာတွေ ကောင်းကျိုးရှိနိုင်မလဲ။

ဖြေ ။ မြိတ်ဘက်ကျတော့ လူနေသိပ်သည်းဆ နည်းတယ်၊ တစ်နေရာနဲ့ တစ်နေရာက ဝေးကွာတယ်၊ ဝေးကွာတဲ့အတွက် ပစ္စည်းတစ်ခုလိုလို့ သွားမယ်လာမယ် ဝယ်မယ်ရောင်းမယ်ဟေ့ ဆိုလို့ရှိရင် ခရီးစရိတ်၊ နောက်ပိုင်း ကုန်ဈေးနှုန်းကြီးမြင့်လာတော့ လောင်စာဆီဈေးနှုန်း ကြီးမြင့်လာတော့ ခရီးစရိတ်က တော်တော်ကိုထောင်းတယ်၊ တစ်ခါတစ်ခါကျရင် ပစ္စည်းဖိုးက တစ်ထောင်၊ ခရီးစရိတ်က တစ်ထောင်ငါးရာ ဖြစ်နေတာမျိုး ရှိတယ်။

စားသောက်ကုန်ပစ္စည်း‌တွေ၊ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချတဲ့သူတွေက delivery စနစ်တစ်ခုကို ဖော်ဆောင်လိုက်တဲ့ အတွက် ဒီလုပ်ငန်းအပေါ်မှာ အခြေပြုပြီးတော့ လူတန်းစားတစ်ရပ်က အလုပ်အကိုင်အခွင့်အလှမ်းတွေ ရရှိလာတယ်၊ လောင်စာဆီဆိုရင် ဥပမာ ပစ္စည်းတစ်ခုကို သွားဝယ်မယ်ဆိုရင် လူတစ်ယောက်က တစ်ကြောင်းသုံးမယ်ဆိုရင် delivery က ဒီတစ်လမ်းကြာင်းမှာ လူ ၁၀ ယောက်က ပစ္စည်းမှာထားရင် ၁၀ ယောက်အတွက် အသုံးပြုသွားမယ်၊ လောင်စာဆီ သုံးစွဲမှုကို လျော့ချရာလည်း ကျသွားတာပေါ့။

DW ။ အခုဆိုရင် အွန်လိုင်းဈေးကွက်မှာ ရောင်းချနေသူတွေကို မှတ်ပုံတင်ရမယ်ဆိုပြီး အမိန့်ထုတ်ပြန်လိုက်ပြီပေါ့၊ အဲသည်အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ ။ အမိန့်က မြေပြင်မှာ ထိထိရောက်ရောက်ရှိသွားမယ်‌ဆိုရင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားတွေက ပိုပြီးထိခိုက်နစ်နာမှု ရှိလာမယ်၊ တစ်ထောင်တန်ပစ္စည်းတစ်ခုက လက်မှတ်‌တွေဘာတွေ လုပ်ရမယ် မှတ်ပုံတင်တွေလုပ်ရမယ်ဆိုတော့ ဒီအပေါ်မှာ စရိတ်စကက သက်ရောက်မှုရှိလာမယ် စရိတ်စကကို အွန်လိုင်းရောင်းတဲ့သူတွေက စားသုံးသူရဲ့ ကုန်ပစ္စည်းအပေါ်မှာပဲ သွားပြီးထပ်တိုးသွားမှာ။

DW ။ အွန်လိုင်းဈေးကွက်စနစ်နဲ့ ရောင်းချသူတွေအပေါ်မှာရော ဘာတွေ ထိခိုက်မှုရှိနိုင်မလဲ။

ဖြေ ။ ဒီလိုလုပ်လိုက်တဲ့အတွက် လုပ်ငန်းရပ်သွားမှာ မဟုတ်ဘူး၊ ရှင်သန်ရပ်တည်ဖို့အတွက် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုအပေါ်မှာ လိုက်ပြောင်းလဲပြီး လုပ်ရမှာပဲ၊ အဲလိုမျိုး အခွန်ဆောင်တာမျိုး၊ မှတ်ပုံတင်လက်မှတ် လုပ်ရတာမျိုး ဖြစ်တဲ့အတွက် ဒီလိုလုပ်လိုက်တာက ဒီအပေါ်မှာ ဖြစ်သွားတဲ့ ကုန်ကျစရိတ်က စားသုံးသူအပေါ်မှာပဲ သွားပြီး သက်ရောက်သွားမယ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ငရုတ်သီးစိမ်းကအစ ရောင်းဝယ်နေကြတဲ့ အနေအထားမှာ ကုန်ဈေးနှုန်းက ကြီးနေတဲ့အထဲမှာ ထပ်ထပ်ပြီးတော့ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသမျိုး ဖြစ်လာမယ့် အနေအထားရှိသွားမယ်ပေါ့။

“တကယ် အရေးယူတာတွေ ဘာတွေလုပ်လာရင်တောင် တအားထိရောက်မှု ရှိမယ်မထင်ဘူး”

အွန်လိုင်း‌ဈေးကွက်တွင် မော်တော်ဆိုင်ကယ်၊ ဖုန်း စသည်တို့အား ဝယ်ယူလေ့ရှိသည့် မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်နေ အမျိုးသားတစ်ဦး။

DW ။ အွန်လိုင်းဈေးကွက်ဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ ။ အွန်လိုင်းဈေးကွက်က ပေါ်နေတာကြာပြီ၊ ပိုပြီးလူသိများလာတာက ကိုဗစ်စဖြစ်ချိန်က အပြင်ထွက်သွားလာခွင့်တွေ မရကြတော့ အွန်လိုင်းကနေပဲ ဝန်ဆောင်မှုတွေ စလာတာပေါ့၊ စားသောက်ကုန်‌တွေ၊ ဆိုင်ကယ်၊ ဖုန်းတွေကအစ ရောင်းကြဝယ်ကြတာပေါ့၊ အဓိကက ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူတွေအကြားမှာ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်နေကြတာ၊ မယုံကြည်ရင် မဝယ်ဘူးပေါ့။

DW ။ အွန်လိုင်းဈေးကွက်ကနေ ဘယ်လိုပစ္စည်းတွေ ဝယ်ဖြစ်‌နေလဲ။

ဖြေ ။ မော်တော်ဆိုင်ကယ် နှစ်စီးဝယ်ဖူးတယ်၊ ဖုန်းတွေလည်း မှာဖူးတယ်၊ မြိတ်ဘက်ကမဟုတ်ဘူး၊ ရန်ကုန်တို့ မူဆယ်တို့ဘက်ကပေါ့။

DW ။ ဒီလို အွန်လိုင်းကနေဝယ်တော့ ဘာအခက်တွေ ရှိမလဲ။

ဖြေ ။ ယုံကြည်မှုနဲ့ လုပ်တာဆိုတော့ ရောင်းတဲ့သူဘက်ကို ယုံကြည်လို့ ငွေကလွှဲပေးလိုက်ပြီးပြီ၊ မှာထားတဲ့လက်ကိုင်ဖုန်းက မလွှဲပေးသေးဘူး၊ ရက်ပေါင်းနှစ်ဆယ်ကျော်နေပြီ၊ ခုထိမရသေးဘူး၊ နေ့တိုင်းဖုန်းဆက်မေးနေရတယ်၊ သူတို့ဘက် လွှဲပေးလိုက်ပြီးလို့ ပြောတာပဲ၊ လွှဲပေးပြီးကြောင်း ဘောင်ချာကလည်း မပို့လာဘူး၊ ငွေကတော့ ကြိုလွှဲပေးရမယ်ဆိုတော့ လွှဲပေးထားတာ၊ ငွေယူတာတော့ မြန်စပဲ၊ ပစ္စည်းက မပို့လာသေးဘူး၊ ဒါက ဝယ်သူဘက်ကို အလေးမထားတဲ့သဘောပဲ၊ ပိုက်ဆံက ကြိုတောင်းတယ်၊ ပို့တဲ့အခါကျတော့ ကြာနေတယ်၊ ခုလောလောဆယ် ကြုံ‌နေရတဲ့ အခက်အခဲတွေပေါ့နော်။

DW ။ အွန်လိုင်းကနေ ကိုယ်တိုင်လည်း ပစ္စည်းတွေ မှာနေကြဆိုတော့၊ လိမ်လည်ပြီး ရောင်းချတာတွေရော ရှိနိုင်မလား။

ဖြေ ။ ရှိတာပေါ့၊ အွန်လိုင်းဆိုတာက လူချင်းကမသိ၊ မရင်းနှီး၊ ဆိုင်လည်းမရှိတာများတယ်၊ ရှိချင်လည်း ရှိမှာပေါ့၊ အချို့လိမ်ပြီးရောင်းတာမျိုးလည်း ရှိတာပေါ့၊ အကောင့်အတုနဲ့ ပေချ့်အတုနဲ့ ပစ္စည်းရောင်းပြီး အော်ဒါကောက်ကြတာ ပြီးတော့ ငွေကြိုလွှဲခိုင်းတာ၊ တစ်ဝက်လွှဲခိုင်းတာမျိုးရှိတယ်၊ အလိမ်ခံထိနေတာလည်း များပါတယ်၊ ကြားလည်းကြားနေရတယ်။

DW ။ ဒီလိုအလိမ်ခံထိအောင် ဘာတွေလုပ်သင့်သလဲ။

ဖြေ ။ ဝယ်သူကလည်း မဝယ်ခင် ကြိုလေ့လာဖို့ လိုတယ်၊ ပေ့စ်အစစ် အကောင့်အစစ်နဲ့ တကယ်ရောင်းနေတာလားပေါ့၊ မမှာခင် သေချာမေးမြန်းစုံစမ်း လေ့လာပြီးမှ မှာသင့်တယ်၊ မှာတဲ့ပစ္စည်းက သိန်းဆယ်ဂဏန်းအထိ ရှိတာဆိုတော့၊ ဂရုစိုက်သတိထားဖို့ လိုတာပေါ့နော်၊ အခုအချိန်က အွန်လိုင်းကဝယ်ရင် တစ်ခုခုဖြစ်သွားရင် ဖြေရှင်းပေးတဲ့သူက မရှိဘူးလေ၊ ကိုယ့်ဖြစ်ရင် ကိုယ်ခံပဲ။

DW ။ အခုဆိုရင် အွန်လိုင်းစနစ်နဲ့ ရောင်းချသူတွေကို မှတ်ပုံတင်လက်မှတ်လုပ်ရမယ်လို့ ထုတ်ပြန်ထားတာပေါ့၊ အဲသည်အပေါ်မှာ ‌ဝယ်ယူသူ တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ အွန်လိုင်း‌ဈေးကွက်က တွယ်ကျယ်လာတော့ အခွန်ကောက်လာတဲ့ သဘောတရားပါပဲ၊ အခွန်ရဖို့အရေး လုပ်လာတာပေါ့။

DW ။ စားသုံးသူ၊ ဝယ်ယူသူတွေအပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲ။

ဖြေ ။ ရှိနိုင်တယ်၊ ရောင်းကြတဲ့သူတွေက လိုင်စင်လုပ်ရတဲ့ အခွန်အခနဲ့ စရိတ်နဲ့ ပြန်တွက်ပြီးတော့ ဝယ်သူအ‌ပေါ်မှာ အနည်းအကျင်းတော့ ထိရောက်မှုရှိသွားမယ်၊ တစ်ရာကျတဲ့အပေါ်မှာ တစ်ရာတစ်ဆယ် ဖြစ်သွားတာမျိုးပေါ့။

DW ။ ဒီလို မှတ်ပုံတင်လက်မှတ်လုပ်ရခြင်းက စားသုံးသူ၊ ဝယ်ယူသူတွေအပေါ်မှာ နစ်နာမှုမရှိအောင် ကာကွယ်မှုပေးနိုင်အောင် လုပ်ရတာဆိုပြီး သက်ဆိုင်ရာက ပြန်ပြီး ရှင်းပြထားတာမျိုး ရှိတာပေါ့၊ အဲဒါက အမှန်ဖြစ်မယ်ဆိုရင် မြေပြင်မှာ တကယ်ထိရောက်မှု ရှိနိုင်မလား။

ဖြေ ။ အခွန်ကောက်ကြတဲ့သူတွေဘက်က ကူညီနိုင်တဲ့အပိုင်းက ရှိချင်ရှိမယ် မရှိချင်မရှိဘူးပေါ့၊ ဒါက နောက်ပိုင်းကိစ္စ၊ လောလောဆယ် အခွန်လိုလို့ လုပ်တာပဲ၊ စားသုံးသူ၊ ပစ္စည်းဝယ်ကြတဲ့သူတွေဘက်က ကာကွယ်ပေးနိုင်ရန် ပိုကောင်းတာပေါ့၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ လုပ်မလဲမသိသေးဘူးပေါ့၊ တာဝန်ရှိတဲ့သူတွေဘက်ကလည်း မချပြထားဘူး၊ တကယ်ဆို ရှင်းရှင်းချပြသင့်တယ်၊ အခွန်ကောက်တယ်၊ စားသုံးသူဘက်က နစ်နာတာမျိုးရှိရင် ဘယ်လိုတိုင်ရမလဲ၊ ဘယ်လိုအရေးယူမလဲဆိုတာမျိုးပေါ့၊ တကယ် အရေးယူတာတွေ ဘာတွေလုပ်လာရင်တောင် တအားထိရောက်မှု ရှိမယ်မထင်ဘူး၊ အကောင့်တုနဲ့ ပုံစံတူလုပ်စားတာမျိုးကိုရော ထိန်းချုပ်နိုင်မလားပေါ့၊ ဒါတွေက ကြုံတွေ့နိုင်တယ်၊ အကောင့်တွေကို ထိန်းချုပ်နိုင်ထားရင်တော့ ထိရောက်မှု နိုင်မယ်၊ ဒါပေမဲ့ နည်းပညာဘက်မှာရော ဒါတွေကို သေချာထိန်းချုပ်နိုင်ရဲ့လား၊ ဒါအပေါ်မှာလည်း မေးစရာတွေ ရှိတာပေါ့။

“လိုင်စင်လုပ်ခိုင်းတာကမှားတယ်လို့ ပြောချင်တာမဟုတ်ဘူး…. စစ်ကောင်စီက လုပ်ခိုင်းတာဖြစ်နေလို့ ပြောနေတာ”

အခြေခံစာသုံးကုန်တွေကို အွန်လိုင်းမှရောင်းချနေသည့် CDM ဝန်ထမ်းတစ်ဦး

DW ။ အွန်လိုင်းဈေးရောင်းသူတွေ မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ထားတယ်။ မှတ်ပုံတင်ဖြစ်မှာလား။

ဖြေ ။ စစ်ကောင်စီက ပြည်သူ့အာဏာကိုလုပြီး အမိန့်တွေ ထုတ်ချင်ရာထုတ်နေတာ ကျွန်မတို့က လိုက်လုပ်စရာလား။ သူထုတ်တဲ့အမိန့်က တရားမဝင်ဘူး။ လိုက်လုပ်စရာလည်း မလိုဘူး။

DW ။ စားသုံးသူတွေကိုကာကွယ်ပေးဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ဆိုပြီး မှတ်ပုံတင်ခိုင်းတာဆိုရင် တင်သင့်တယ်မထင်ဘူးလား။

ဖြေ ။ သူတို့ကတော့ ဒီလိုပဲပြောမှာပဲလေ။ သူတို့ဘာပဲပြောပြော ဘယ်လိုပဲစေတနာရှိပါတယ်ပြောပြော ကျွန်မတို့ကတော့ ပြည်သူကိုဖိနှိပ်တဲ့ လုပ်ရပ်တစ်ခုလို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အားလုံးကိုထိန်းချုပ်ထားချင်တာ။ ထိန်းချုပ်ပြီးတော့မှ ဘယ်သူကတော့ တော်လှန်ရေးမှာ ပါနေတယ်ဆိုတာကို ကိုယ်တွေက မှတ်ပုံသွားတင်လိုက်ပြီဆိုတာနဲ့ ဘယ်သူဘယ်ဝါ ဘယ်မှာနေတယ်ဆိုတာ သူတို့သိသွားပြီလေ။

DW ။ တစ်ချို့ကတော့ ဒီလိုစနစ်ကကောင်းတယ်ပေါ့။ စားသုံးသူတွေကိုကာကွယ်ပေးရာရောက်တယ်လို့ မြင်တဲ့သူလည်းရှိတယ်။ အဲဒီအပေါ်ရောဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ လိုင်စင်နဲ့ဘာနဲ့ဆိုတော့ တရားဝင်လုပ်လို့ရတယ်ဆိုပြီးပြောနေကြတာ ကြားပါတယ်။ ကိုယ်တွေလည်း ဒီလိုဈေးမရောင်းခင်က အလိမ်ခံရဖူးတာပဲ။ ဘယ်မှာတိုင်လို့တိုင်ရမှန်းလည်းမသိဘူး။ တိုင်လို့ရတဲ့နေရာလေးရှိရင်တော့ ကောင်းမှာပဲလို့ အဲဒီတုန်းကတွေးဖူးတယ်။ ဒါပေမဲ့ အခုက မတူတော့ဘူး။ လိုင်စင်လုပ်ခိုင်းတာကမှားတယ်လို့ ပြောချင်တာမဟုတ်ဘူး။ အစကပြောသလိုပေါ့ တရားမဝင်တဲ့ စစ်ကောင်စီက လုပ်ခိုင်းတာဖြစ်နေလို့ပြောနေတာ။ ဒီနေရာမှာ ပြည်သူ့အစိုးရဆိုရင် ဘာမှပြောနေစရာမလို‌ဘူး။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ကျွန်မကတော့ မှတ်ပုံတင်ပြီးရောင်းတာကို ပိုအားပေးတယ်”

ကံပေါက်ဒေသခံ အမျိုးသမီးငယ်တစ်ဦး

DW ။ အွန်လိုင်းဈေးရောင်းတဲ့သူတွေကို မှတ်ပုံတင်ခိုင်းပြီးမှရောင်းဖို့ဆိုပြီး စာထုတ်ထားတာရှိတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်မကတော့ မှတ်ပုံတင်ပြီးရောင်းတာကို ပိုအားပေးတယ်။ အားလုံးမှတ်ပုံတင်ပြီး ရောင်းစေချင်တယ်။

DW ။ ဘာဖြစ်လို့ မှတ်ပုံတင်ပြီးရောင်းစေချင်တာလဲ။

ဖြေ ။ ညီမတို့ဆို အလှကုန်ပစ္စည်းတွေ ခဏခဏ ဝယ်ရတဲ့သူတွေလေ။ အလှကုန်ပစ္စည်းမှာ နှစ်မျိုးရှိတယ်။ တစ်မျိူးက agent brand အေဂျင့်တွေနဲ့ရောင်းတာ။ အေဂျင့်ဆိုတာက MLM စီးပွားရေးသဘောမျိူးပဲ။ မက်လုံးတွေပေးပြီး ရောင်းခိုင်းတာ။ သူတို့ပစ္စည်းက အရည်အသွေးမကောင်းဘူး။ မကောင်းတာကြီးကို အရမ်းကောင်းပါတယ်ဆိုပြီး ကြေညာပြီးရောင်းကြတာ။ နောက်တစ်မျိုးကတော့ ကုမ္ပဏီ Brand သူကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ စူပါမာကတ်တွေမှာ ဆိုင်ခန်းဖွင့်ရောင်းတယ်။ အရည်အသွေးရှိတယ်။ ညီမဆို နောက်ပိုင်း ကုမ္ပဏီ Brand တွေပဲသုံးဖြစ်တယ်။

ကုမ္ပဏီ Brand ကျတော့ ဈေးကြီးတယ်။ တော်‌ရုံဝင်ငွေကောင်းတဲ့သူတွေပဲ ဝယ်သုံးနိုင်တယ်။ သူကဆိုင်ခန်းခတွေ၊ တစ်ခြားကုန်ကျစာရိတ်တွေရှိတာဆိုတော့လေ။ agent brand ကျတော့ သူတို့မှာ ဆိုင်ခန်းမရှိဘူး။ တစ်ခြားကုန်ကျစာရိတ်လည်း သိပ်မရှိဘူး။ လူတွေက ဈေးသက်သက်သာသာနဲ့ ရတဲ့ agent brand တွေကိုပဲသုံးကြတာများတယ်။ agent brand ကျ ဘာပြတ်ဿနာရှိလည်းဆိုတော့ ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းက ပြတ်ဿနာတစ်ခုခုရှိလာပြီဆို Page ဖျက်ပြီးပြေးသွားလို့ရတယ်။ ဘယ်မှမှ လိုက်ရှာလို့မရတော့ဘူး။ အားလုံးကိုတော့မဆိုလိုဘူးပေါ့နော်။ တစ်ချို့ တာဝန်ယူမရှိတဲ့ သူတွေကိုပြောတာပါ။

DW ။ တချို့ကတော့ စစ်ကောင်စီက ထုတ်တဲ့အမိန့် လိုက်နာစရာမလိုဘူးပေါ့။ မြေပြင်မှာ ထိထိရောက်ရောက် အရေးယူနိုင်မှာလဲမဟုတ်ဘူးပေါ့ အဲလိုပြောတာလည်းရှိတယ်။ ညီမအမြင်ကရော ဘယ်လိုရှိလဲ။

ဖြေ ။ အဲတာကတစ်ပိုင်းပေါ့နော်။ ညီမတို့ဆိုလည်း (စစ်ကောင်စီကို) သဘောမကျဘူးပဲပေါ့နော်။ သူတို့ပြောတာလည်း မှားတယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်ဆိုတော့လေ။ ဒါပေမဲ့ အဲဒီလို ကိုယ်ရောင်းတဲ့ပစ္စည်းအပေါ်မှတော့ လူတိုင်းက တာဝန်ယူစေချင်တယ်။ လူတိုင်းက လူမှန်တွေမဟုတ်ဘူးလေ။ မှန်မှန်ကန်ကန် ဖြစ်လာဖို့ဆိုရင်တော့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျကျနနဖြစ်ဖို့တော့လိုမယ်လို့ထင်တယ်ညီမအနေနဲ့ဆိုရင်လေ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။