မက်ဆီ ရောက်လာပြီးသည့်နောက် အင်တာမီယာမီ နှစ်ပွဲဆက် အနိုင်ရ၊ နှစ်ပွဲလုံးတွင် မက်ဆီ ဂိုးသွင်းပေးခဲ့

0
1624
Photo – 1Football၊ LiveScore၊ ESPN၊ SkyNews

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်ထားသည့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် အတ္တလန္တာယူနိုက်တက်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ကြောင်း သိရှိရပြီး အင်တာမီယာမီအသင်း ရရှိသော အနိုင်ဂိုး ၄ ဂိုးအနက် နှစ်ဂိုးကို မက်ဆီက သွင်းယူပေးသွားခဲ့သည်။

မက်ဆီ ပွဲထွက်မကစားမီတွင် ကာလရှည်ကြာ နိုင်ပွဲပျောက်ဆုံးမှုကို ရင်ဆိုင်နေခဲ့ရသော အင်တာမီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားသော နှစ်ပွဲလုံး၌ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ကာ အင်တာမီယာမီအသင်း၏ပွဲစဉ်ကို လာရောက်ကြည့်ရှုသော ပရိသတ်အရေအတွက်မှာလည်း မက်ဆီကြောင့် တစ်ပွဲထက်တစ်ပွဲ ပို၍ပို၍ မြင့်တက်လာနေပြီလည်းဖြစ်သည်။

မက်ဆီသည် ပထမပိုင်း ပွဲကစားချိန် ၈ မိနစ်နှင့် ၂၂ မိနစ်တို့တွင် အသင်းအတွက် ဂိုးများသွင်းယူပေးခဲ့ပြီး အင်တာမီယာမီအတွက် နောက်ထပ်သွင်းဂိုး နှစ်ဂိုးကို ရောဘတ်တေလာက ၄၄ မိနစ်နှင့် ၅၃ မိနစ်တို့တွင် ရယူပေးခဲ့ခြင်းဖြစ်သည်။

အင်တာမီယာမီအသင်း၏သမိုင်းတွင် ပထမပိုင်းပြီးဆုံးချိန်၌ သုံးဂိုးပြတ်ရလဒ်ဖြင့် ဦးဆောင်နိုင်သောပွဲစဉ်ဟူသည်မှာ ယခုမတိုင်မီတွင် တစ်ပွဲမှ မရှိခဲ့ဘဲ မက်ဆီ ပါဝင်ကစားပြီးသည့်နောက် ယင်းကဲ့သို့ မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း အင်တာမီယာမီက ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့သည်။

အင်တာမီယာမီ နောက်ခံလူ ခရစ္စတိုဖာ မက်ဗေးသည် ပွဲကစားချိန် ၈၄ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံလိုက်ရသည့်အတွက် လက်ကျန်ပွဲချိန်များကို အင်တာမီယာမီက လူ ၁၀ ယောက်တည်းဖြင့် ပွဲထိန်းကစားသွားခဲ့ရပြီး မက်ဆီ ပါဝင်ကစားပြီးသည့်နောက် အသင်း၏ရလဒ်များ ယခုကဲ့သို့ ဆက်တိုက် တိုးတက်လာသည်ကို အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းနှင့် အသင်းအားပေးသူပရိသတ်များက ကျေနပ်အားရ ရှိနေပြီလည်းဖြစ်သည်။

မက်ဆီသည် အင်တာမီယာမီအတွက် ယခုမတိုင်မီ ပွဲထွက်ကစားခွင့်ရခဲ့သော ခရုဇ်အေဇူးလ်ကို ရင်ဆိုင်ရသည့်လိဂ်ဖလားပွဲစဉ်၌လည်း အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် နောက်ဆုံးမိနစ်တွင် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ ရယူပေးခဲ့ပြီး မက်ဆီ ပါဝင်ကစားပြီးသည့်နောက် အင်တာမီယာမီ၏ကစားပုံနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်များမှာ တိုးတက်လာနေသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

ယခုပွဲစဉ်ကို အနိုင်ရလိုက်သည့်အတွက် မက်ဆီ ဦးဆောင်နေသော အင်တာမီယာမီအသင်းသည် လိဂ်ဖလား ၃၂ သင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်သည်။