တောင်ကိုရီးယားတိုက်စစ်မှူး ကေစီယူဂျင်းက အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ကစားခွင့်ရသူအဖြစ် စံချိန်တင်

0
1611
Photo - FoxSoccer

နယူးဇီလန်နှင့် ဩစတြေးလျတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၁၆ နှစ်အရွယ် တောင်ကိုရီးယားတိုက်စစ်မှူး ကေစီယူဂျင်း(ခ)ကေစီဖဲယားက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရသည့် အသက်အငယ်ဆုံးကစားသမား စံချိန်ကို ရေးထိုးစိုက်ထူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။

ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် ကိုလံဘီယာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် အရန်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ကိုရရှိကာ ယခုစံချိန်ကို တင်ရှိသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် ကိုလံဘီယာနှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့သော ယင်းအုပ်စုအဖွင့်ပွဲစဉ်တွင် ပွဲကစားချိန် ၇၈ မိနစ်၌ ချိုယုရီ၏နေရာကို အစားထိုးဝင်ရောက်ကာ လက်ကျန်ပွဲချိန်များကို ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ် ပါဝင်ကစားခွင့်ရရှိချိန်၌ ကေစီယူဂျင်း(ခ)ကေစီဖဲယား၏အသက်မှာ ၁၆ နှစ်နှင့် ၂၆ ရက်သာ ရှိသေးသည်။

ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် အမေရိကန်ဖခင်နှင့် တောင်ကိုရီးယားမိခင်တို့က ဖွားမြင်လာသည့် အမေရိကန်-ကိုရီးယားသွေးနှောကပြားဖြစ်ကာ သူမကို တောင်ကိုရီးယား ယူ-၁၇ အသင်းကို ကိုယ်စားပြုကစားပေးရန် ရွေးချယ်ခေါ်ယူရာကတစ်ဆင့် ခြေစွမ်းကို နှစ်ခြိုက်သဘောကျသည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် အမျိုးသမီးလူစာရင်းသို့ ထည့်သွင်းခေါ်ယူရန် တာဝန်ရှိသူများက ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

အရပ်အမောင်း ၅ ပေ ၁၀ လက်မရှိသည့် ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ ဝါရင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ပင်ဂရီးစာသင်ကျောင်းအတွက် ကိုယ်စားပြုကစားပေးနေကြောင်းလည်း သိရှိရသည်။