လောင်းလုံး လေကြောင်းရန်ကာကွယ်ရေးစခန်းသို့လာသော စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် အိမ်ကြားထဲကျကွဲ

0
7228

လောင်းလုံးမြို့နယ် ပြင်ချောင်းကျေးရွာအုပ်စု မြခါးပတ်ကျေးရွာအနီးရှိ ‌စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် လူနေအိမ်ကြားထဲကျရောက်‌ပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်တွင် မြေသယ်ကား ခြောက်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မြခါးပတ်ရွာဒေသခံတစ်ဦးက ဆိုသည်။

“လူချပြီးတာနဲ့ စက္ကန့်ကို မခြားဘူး၊ ချက်ချင်းပြန်တက်သွားတာ” ဟု ၎င်းဒေသခံက ပြောဆိုသည်။

တရုတ်နိုင်ငံသားဟုယူဆရသည့် နိုင်ငံခြားသားများကို လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

လေကြောင်းရန်ကာကွယ်ရေးစခန်းရှိ စက်ပစ္စည်းများကို တရုတ်နိုင်ငံသားတို့က လာရောက်ပြင်ဆင်ပေးလေ့ရှိသည်ဟုလည်း ဆိုသည်။

အာဏာမသိမ်းခင်ကတည်းက ယင်းသို့ပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

“ရေဒါပျက်လို့ လာပြင်ပေးတဲ့ တရုတ်တွေကို လာပို့တာထင်တယ်။ အရင်ကလည်း အမြဲတမ်းလာနေကြပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်းစီတပ်ဖွဲ့ မြခါးပတ်ရွာမှအပြန် ဂေါ့အင်းရွာအစွန် ကြယ်တောင်အရောက်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံအချို့ကပြောသည်။

မိုင်းဟုဆရသည့် ပေါက်ကွဲသံ သုံးချက်ရှေ့ဆင့်နောက်ဆင့်ကြားရပြီးနောက် လက်နက်ငယ်အတွဲလိုက် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဂေါ့အင်းဒေသခံတို့က ဆိုသည်။

“မိုင်းဆွဲခံရလို့သာပဲ ကားနားပြီး ဆင်းပစ်တာနေမှာပေါ့။ မိုင်းမဆွဲဘူးဆိုရင် ဒီအတိုင်းတက်သွားမှာပေါ့” ဟု ‌ဂေါ့အင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ကြယ်တောင်အနီးသို့ အရောက်တွင် ကားဖြင့်ဆက်မသွားတော့ဘဲ ခြေလျင်သွားပြီး လမ်းတစ်လျှောက်ကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးမှာ ညင်းမော်ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်နှစ်ဆောင်ကြားထဲ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အိမ်ကြားထဲကျတာ ကံကောင်းလို့သာပေါ့၊ လူတွေဘာမှမဖြစ်တာ။ အိမ်ခေါင်မိုးက သွပ်ပြားတွေမှာတော့ အပေါက်တွေဖြစ်ကုန်တယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး” ဟု ကိုယ်တိုင်သွားကြည့်ခဲ့သူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ကာ ခြေလျင်ခရီးသွားပြီးနောက် လောင်းလုံးမြို့အဝင်အရောက်တွင် ကားဖြင့် ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

ဂေါ့အင်း၊ ညင်းမော်ကျေးရွာတို့မှာ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ညနေပိုင်းတွင် အိမ်ပြန်လာနေကြပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လေကြောင်းရန်ကာကွယ်ရေးစခန်းသည် ထားဝယ်မြို့မှ မိုင် ၂၀ ကျော်၊ လောင်းလုံးမြို့မှ ၉ မိုင်နီးပါးအကွာရှိ မြခါးပတ်ကျေးရွာအနီးရှိ တောင်ပေါ်တွင် အခြေစိုက်ထားသည်။