ပုလောမြို့အဝင်ဂိတ် ဖြတ်သန်းခွင့်မပေးသဖြင့် ဒေသခံများ သွားလာရန်အခက်တွေ့

0
1812

ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်နှစ်ခုရှိသည့်အနက် ဂိတ်တစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် ကျေးရွာလေးရွာနေ ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။

လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာရှိ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် လက္ကူး၊ မြဒေါင်၊ မှော်ကြောင်းနှင့် ပြင်းဖြူကျေးရွာနေ ပြည်သူများ ပုလောမြို့သို့ သွားရောက်ရန် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

“ပိတ်ထားတာက ငါးရက်လောက်ရှိပြီ။ ရွာသားတွေက လှေတွေနဲ့ ပုလောမြို့ကို သွားလာနေကြသလို အောက်ဖက်လမ်း (မြို့အဝင်ဂိတ်နောက်တစ်ခု) ကနေလည်း သွားနေကြရတယ်။ မိုးတွင်းကြီး သွားရလာရ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နောက်မြို့အဝင်ဂိတ်မှ ပတ်သွား၍ ဝင်ရောက်လျှင် ခရီးနှစ်ဆဝေးပြီး သွားလာရလည်းခက်ခဲကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါကျေးရွာများနေ ပြည်သူများသည် မှော်ကြောင်းဂိတ်မှတစ်ဆင့် ပုလောမြို့သို့ သွားရောက်ပြီး ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေကြသလို လူမှုရေး၊ ကျန်းမာရေးကိစ္စများအတွက်လည်း ယင်းလမ်းကို အဓိကထား အသုံးပြုကြကြောင်း ဒေသခံများက ဆိုသည်။

ဂိတ်ပိတ်လိုက်ခြင်းကြောင့် အခြေခံစားသောက်ကုန်အချို့လည်း ပြတ်လပ်မှု၊ ဈေးကြီးမြင့်မှုများ ရက်ပိုင်းအတွင်း ရှိလာနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာသို့ စစ်ကောင်စီတပ်များ လာရောက်စခန်းချပြီးနောက် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပိတ်ပင်ထားသည်ကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

လက္ကူးကျေးရွာအုပ်စုအတွင်း နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းကျေးရွာအုပ်စုအတွင်းသို့ လာရောက်ကာ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က လက္ကူးရွာနေ မူးယစ်ဆေးရောင်းဝယ်သည့် အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက် ဖမ်းဆီးသွားသည်။

အဆိုပါအမျိုးသားထံမှ စိတ်ကြွဆေးပြား ခြောက်သောင်းကျော်၊ ငွေကျပ်သိန်း ၃၆၀ ကျော်အပါအဝင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ သိမ်းဆည်းရမိကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ဆိုသည်။

စစ်ကောင်စီက ပုလောမြို့သို့ ဝင်ထွက်သွားလာသည့် ပြည်သူများကို စစ်ဆေးရေးဂိတ် ငါးခုထက်မနည်း ဖွင့်ကာ စစ်ဆေးလျှက်ရှိသည်။