ထိုင်းတွင် ပင်လယ်ထဲပြုတ်ကျသည့် မြန်မာရေလုပ်သားသေဆုံး၊ အချိန်မီကယ်ဆယ်ခြင်းမရှိဟုဆို

0
2689
ဓာတ်ပုံ – AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာရေလုပ်သားတစ်ဦး လှေပေါ်တွင်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင် မတော်တဆမှုကြောင့် ပင်လယ်ထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။

စမွတ်ပရကန်ခရိုင် ခေါင်တန်ဒေသတွင် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က မြန်မာအလုပ်သမားသည် ခရုဆွဲသော လှေပေါ်တွင် အလုပ်လုပ်ကိုင်နေစဉ် ပင်လယ်ထဲ ချော်ကျသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လှေဦးစီက ချက်ချင်းမရှာဖွေပေးဘဲ မိနစ် ၃၀ ခန့်ကြာမှသာ ရှာဖွေပေးခဲ့ပြီး ယင်းသို့ရှာဖွေရာတွင်လည်း အချိန်အနည်းငယ်သာ ရှာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာရေလုပ်သားသည် ည ၁၁ နာရီအချိန်တွင် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ပြီးနောက် အလုပ်ရှင်က ချက်ချင်းမရှာဖွေပေးပဲ မိနစ် ၃၀ ခန့်ကြာမှသာ ခဏသာရှာဖွေပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နောက်တစ်ရက် မွန်းလွဲပိုင်းမှသာ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ ရုံးတာဝန်ခံ ကိုနေလင်းသူက ဆိုသည်။

“ခဏပဲရှာပြီးတော့ သူဌေးက ဆက်မရှာပေးတော့ဘူး။ ဆီကုန်တယ်လို့ပြောပြီး ပြန်သွားတာပေါ့” ဟု လှေတွင် အတူလုပ်ကိုင်သည့် အစ်ကိုဖြစ်သူ၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ပြန်ပြောင်းပြောဆိုသည်။

မြန်မာရေလုပ်သားပြုတ်ကျချိန် ရေစီးကြမ်းနေခဲ့ပြီး ထိုင်းအာဏာပိုင်များနှင့် ရေငုပ်သမားများကလည်း အချိန်အနည်းငယ်သာ ရှာဖွေခဲ့ကြောကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားသည် ပဲခူးတိုင်း ဖြူးမြို့နယ်ဇာတိဖြစ်ပြီး လှေပေါ်တွင် အစ်ကိုဖြစ်သူနှင့် အတူ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း AAC ထံမှ သိရသည်။

အလောင်းကို တွေ့ရှိချိန်တွင် လှေဦးစီးက လှေပေါ်အတင်မခံဘဲ အစ်ကိုဖြစ်သူက ညီဖြစ်သူ၏ အလောင်းကို ပိုက်၍ လှေနံကို ကိုင်ကာ လိုက်လာခဲ့ရကြောင်း ယင်းအဖွဲ့ကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာအလုပ်သမား သေဆုံးမှုနှင့် ပက်သက်၍ နစ်နာကြေးနှင့် လျော်ကြေးများ ရရှိရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း AAC ထံမှ သိရသည်။