မြိတ်တွင် ရွှေတစ်ကျပ်သား ၃၆ သိန်းဖြင့် လိုက်ဝယ်နေသူများသော်လည်း ရောင်းသူမရှိ

0
2489

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၌ တစ်ကျပ်သားလျှင် ၃၆ သိန်းအထိ ဈေးပေါက်နေပြီး ဝယ်ယူသူများလာသဖြင့် အရောင်းအဝယ် ရပ်နားထားကြောင်း ယင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်များကို ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာရာ ယင်းနေ့ နေ့ချင်းတွင်ပင် အခေါက်ရွှေများ ဝယ်ယူသူ များပြားလာကြောင်း ရွှေအရောင်းဆိုင်ရှင်အချို့က ဆိုသည်။

ယင်းနေ့တွင် ရွှေဝယ်ယူသူတို့သည် တစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေးပြီး လိုက်လံဝယ်ယူနေခြင်းဖြစ်‌ကြောင်း ဆိပ်ငယ်‌ဈေးကြီးရှိ ရွှေအရောင်းဆိုင်ရှင်အချို့က ပြောပြသည်။

“ဝယ်တဲ့သူ‌တွေက ၃၅ သိန်းပေးပြီး လိုက်ဝယ်နေတာတောင် ဆိုင်တွေက မရောင်းပေးကြဘူး။ အခြေအနေက ဘာတွေဆက်ဖြစ်မယ်မှန်း မသိတော့ မရောင်းပေးတဲ့သဘောပါ” ဟု ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

အခေါက်ရွှေများ လိုက်လံဝယ်ယူသူ အများစုသည် ငွေကြေးတတ်နိုင်သူများ ဖြစ်ကြကြောင်း ရွှေဆိုင်ရှင်တို့က ဆိုသည်။

“ကြေးပြား(ပိုက်ဆံ)ရှိတဲ့သူတွေက ရွှေဆိုင်မှာ တန်းစီးတယ်/ ဆင်းရဲသားတွေက ကုန်စုံဆိုင်မှာ တန်းစီးနေကြရပြီ”
ဟု မြစ်ငယ်ရပ်နေသူတစ်ဦးက ပြောသည်။

ယနေ့တွင် ရွှေဈေး ၃၆ သိန်းကျပ် ဈေးပေါက်သော်လည်း ရောင်းသူမရှိကြောင်း ရွှေဆိုင်တို့နှင့် ရွှေဝယ်သူတို့ထံမှ သိရသည်။

“နှစ်သောင်းတန်ထွက်တော့မယ်၊ ဈေးတွေတက်လာမှာစိုးလို့ပါ။ လက်ထဲမှာ အတန်ကြီးတွေ ကိုင်မထားချင်တာလည်း ပါတာပေါ့။ ပေါက်ဈေးအတိုင်း လိုက်ဝယ်တာပဲ။ ဘယ်ဆိုင်ကမှ မရောင်းပေးကြဘူး” ဟု ကလွင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

နှစ်သောင်းကျပ်တန် ထုတ်ဝေမည်ဖြစ်ကြောင်း မကြေညာမီ ဇူလိုင် ၂၂ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းခြောက်သောင်းမှ ခုနှစ်‌သောင်းအထိသာ ဈေးရှိကြောင်း မြိတ်ရွှေဈေးကွက်မှ သိရသည်။

လက်ရှိအချိန်တွင် ရွှေအရောင်းဆိုင်များ ပုံမှန်အတိုင်းဖွင့်လှစ်ထားသော်လည်း၊ ဆိုင်ထက်ဝက်ခန့်မှာ အရောင်းရွှေထည်များ ခင်းကျင်းပြသထားခြင်း မရှိကြောင်း ရွှေအရောင်းဆိုင်ရှင် အချို့က ဆိုသည်။

ထို့အပြင် မြိတ်ရွှေဈေးကွက်၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ဝန်းကျင်က ၉၆၅၊ ၉၉၉၉ စသည့် ယိုးဒယားရွှေများအား စစ်ကောင်စီဘက်က ဝင်‌ရောက် စစ်ဆေးဖမ်းဆီးမည့်သတင်းကြောင့် ယင်းယိုးဒယားရွှေများ အရောင်းအဝယ် ရပ်နားထားခဲ့ရသည်။