ရေကြီးနေသည့် မော်လမြိုင်မြို့ပေါ်တွင် ကလေးငယ်သုံးဦး ရေနစ်သေဆုံး

0
1756

ရေကြီးရေလျှံနေသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်သုံးဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းကတည်းက ရေကြီးရေလျှံနေသည့် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့တွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရေ သုံးပေခန့် နစ်မြုပ်နေသည့် သီရိမင်္ဂလာရပ်ကွက် ၁၇ လမ်း အောက်ပိုင်းတွင် အသက်တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကလေးက အိမ်မှာ အဖိုး၊ အဖွားနဲ့ နေရင်းမှ ပျောက်ဆုံးလို့ ရှာဖွေရာကနေ ခြံထဲမှာ ရေနစ်သေဆုံးလျှက်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။

အလားတူ သီရိမြိုင်ရပ်ကွက် ၈ လမ်း အောက်ပိုင်းတွင်လည်း ရေလျှံနေသည့် မြောင်းအတွင်း ရေဆင်းကစားရာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့နှင့် ရပ်ကွက်နေသူတို့ထံမှ သိရသည်။

“ကလေးတွေက မြောင်းထဲမှာ ရေဆင်းကစားရာကနေ ရေနစ်တာ။ ကယ်ဆယ်ရေးသမားတွေ ရှာဖွေတော့ ပြန်တွေ့တာ။ တွေ့တဲ့အချိန်မှာ အသက်မရှိတော့ဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် ချောင်းထဲ ထင်းလိုက်ဆယ်သည့် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်အပါအဝင် မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ ကျိုက်မရော ရေး အစရှိသည့်မြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး အရေးပေါ်ပြောင်းရွှေ့မှုများ လုပ်ဆောင်နေရသည်။

ရေကြီးရေလျှံနေသည့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူတို့ကို မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်း ပြိုကျမှုများလည်း ဖြစ်ပွားနေသဖြင့် လူထိခိုက်မှုလည်းရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။