ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2071

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အတက်အကျများစွာဖြင့် မတည်မငြိမ်ဖြစ်နေခဲ့သည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ပြန်ကျလာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဈေးအမြင့်တွင် မတည်ငြိမ်သည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းကျော်အထိ ထိုးတက်သွားပြီးနောက် ယခုအပတ်တွင် အလှုပ်အခတ်များနေခဲ့သည်။

ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်းခွဲအထိ အတက်အကျဖြစ်နေပြီး မတည်မငြိမ်ဖြစ်နေခဲ့သည်။

ယခုတစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းလေးသောင်းမှ သုံးဆယ့်တစ်သိန်းရှစ်သောင်း ငါးထောင်ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ရွှေဈေးတက်သွားသည့်အပေါ် စစ်ကောင်စီက ပြန်လည်ထိန်းညှိရန် ကြိုးစားနေသည်။

ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊စစ်ဆေးမေးမြန်းခြင်းများကြောင့် အတက်ဈေးရောက်နေရာမှ အနည်းငယ်ပြန်ကျနေကြောင်း ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။

ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ တက်သွားရာမှ  ယခုအပတ်တွင် ပြန်ကျလာသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင်၈၉ ကျပ်နီးပါးအထိ ဈေးတက်သွားရာမှ ယခုအပတ်တွင် ၈၇ ကျပ်စွန်းစွန်းသာ ဈေးဖွင့်ထားသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၅၅  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဆက်တိုက်ကျလာသည့် ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ ဆက်တိုက်ကျလာသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၅ ကျပ် မှ ၁၉၄၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၉၅ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ လက်ရှိပေါက်ဈေးထက် ထပ်ကျလာနိုင်သော်လည်း ကြီးကြီးမားမားကျမည့် အနေအထားမရှိနိုင်ကြောင်းခန့်မှန်းရသည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ပြည်တွင်း ရွှေဈေးတက်လာချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ အကျဈေးတွင် ဆက်တိုက်ရှိနေသည်။

ဇူလိုင်လ ၉ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ  တစ်အောင်စလျှင် ၁၉၂၆ ဒေါ်လာ ပေါက်ဈေးရှိနေသည်။

ထို့အပြင် ရွှေဈေးတက်လာချိန် ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားသည့်ဂယက်ကြောင့် ရွှေဈေးမှာ အကျဘက်ပြန်ရောက်လာသည်။

သို့သော် ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ရွှေဈေးမှာ ၃၂ သိန်းအောက်သို့ ဆင်းမည့် အရိပ်အယောင်မရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းချင်း ပြန်ကျလာနိုင်သော်လည်း အပြောင်းအလဲ ကြီးကြီးမားမားမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဘဏ်နှစ်ခုအပေါ် အမေရိကန်၏ အရေးယူမှု စသည့် အကြောင်းအရင်းများကြောင့် ထိုင်းဘတ်ငွေလဲနှုန်းမှာ လက်ရှိနှုန်းထားအတိုင်းပင် ဈေးဖွင့်နေမည့် အနေအထားရှိသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေ ဖြစ်နေသည်။

လတ်တလောတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ လက်ရှိပေါက်ဈေးထက် တက်ရိပ်ပြလာနိုင်သည့် အလားအလာရှိကြောင်း သုံးသပ်ရသည်။