ပုရစ်များကို ပရိုတင်းဓာတ်အတွက် အစားထိုးစားသုံးနိုင်ဟုဆို

0
1851

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖစ်ဆာနူလုပ် ခရိုင်ရှိ နရဲစွမ် တက္ကသိုလ်သည် ပုရစ်များကို ပရိုတင်း အစားထိုး စားသုံးနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် သုတေသနပြုနေလျက် ရှိကာ အဆိုပါ အင်းဆက်သည် အနာဂတ်တွင် ပရိုတင်းပြတ်လပ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်၏ စိုက်ပျိုးရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ တွဲဖက်ပါမောက္ခ ၊ ဒေါက်တာ ကာနစ်သာ ရုထရာသနာမုန်ကိုး (Kanittha Rutrattanamongkol) ၏ သုတေသနစာတမ်းအရ ၎င်း၏အဖွဲ့သည် ပရိုတင်းဓာတ် အစားထိုးနိုင်သည့် အရင်းအမြစ်များအဖြစ် အခြေခံ ထုတ်လုပ်ထားသည့် ကြက်သား ၊ ဝက်အူချောင်းများအပြင်  အင်းဆက်များ စသည်တို့ထံမှ ရနိုင်သည့် ပရိုတင်းဓာတ်များကို လေ့လာနေကြောင်း သိရသည်။

၎င်းသုတေသန ပြုချက်တွင်း အဆိုပြုထားသော ဟင်းပွဲများထဲမှ တစ်ခုသည် ပုရစ်အမှုန့်ဖြင့် ရောနှောထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော ရေခဲမုန့် ဖြစ်သည်။ ၎င်းသည် အချိုပွဲများတွင်း အရသာမပျက်စေဘဲ ပရိုတင်းကို ထည့်နိုင်ကြောင်း ပြသရန် ရည်ရွယ်ကာ ဤသို့ အဆိုပြုခံထားရခြင်း ဖြစ်သည်။

သို့သော်လည်း ပရိုတင်း အစားထိုး ထုတ်ကုန်များ ၏ အားနည်းချက်မှာ ပုံမှန် ၊ တိရစ္ဆာန်မှ ရရှိသည့် ပရိုတင်းထက် ကုန်ကျစရိတ်မှာ ၂၀ မှ ၅၀ရာခိုင်နှုန်းအထိ ပိုမို မြင့်မားနေသေးကြောင်း ဒေါက်တာ ကာနစ်သာ က ပြောသည်။ သို့သော် နောက်ပိုင်းတွင် ယင်း ထုတ်ကုန်များအပေါ် စျေးကွက်အတွင်း ဝယ်လိုအား နှင့် ရောင်းလိုအား ပိုမိုများပြားလာပါက အဆိုပါ ကုန်ကျစရိတ် သည် လျော်ညီစွာ ကျဆင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပရိုတင်းအစားထိုး အရင်းအမြစ်များအကြောင်း လေ့လာရန် စိတ်ပါဝင်စားသူများသည် ဇူလိုင် ၃ ရက်မှ ၉ ရက်အထိ အဆိုပါ ကျောင်းဝင်းအတွင်းရှိ ပြပွဲစင်တာတွင် ကျင်းပမည့် နရဲစွမ်တက္ကသိုလ် ၏ ပြပွဲတွင်း လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကျန်းမာရေးဌာန ၊ အာဟာရဌာနခွဲ ၏ အဆိုအရ ပုရစ်အပါအဝင် စားသုံးနိုင်သော အင်းဆက်ပိုးမွှားများ ၏ ၁၀၀ ဂရမ် ပမာဏ ထံမှ ရရှိနိုင်သည့် ပရိုတင်းပမာဏသည် ဝက်သား၊ ကြက်သား သို့မဟုတ် ဥအမျိုးမျိုး တို့မှ ရနိုင်သည့် ပရိုတင်းပမာဏ နှင့် ညီမျှကြောင်း သိရသည်။

Reference

●       Thai PBS World