Coldplay နှင့် Blackpink ရှိုးပွဲများကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်းပေါ်မှ ချေးငွေရယူနှုန်းမြင့်တက် 

0
1827

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ကမ္ဘာတဝှမ်းမှာ တေးဂီတဖျော်ဖြေပွဲများ ပြန်လည်လုပ်လာကြသည့် အတောတွင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း Coldplay နှင့် Blackpink စသည့် အဖွဲ့များ၏ ဖျော်ဖြေပွဲများ အတွက် ငွေ အလျင်လိုလာသောကြောင့် အွန်လိုင်းပေါ်မှ တစ်ဆင့် ချေးငွေ ရယူမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင်း ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်မှတစ်ဆင့် ရယူထားပြီး ပေးချေရန် ကျန်ရှိနေသေးသော ချေးငွေများသည် ယခုနှစ် ၊ မေလတွင် ၅၁ ဒသမ ၅ ထရီလီယံ ရူပီယာ ပမာဏ အထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၂၈ ရာခိုင်နှုန်း တိုးလာသည်ဟု ဘဏ္ဍာရေး ဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ OJK မှပြောကြားခဲ့သည်။

ယခုအခါ သက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည် ငွေချေးသူများအား အဆိုပါ အခြေအနေအပေါ် သတိပြုကြရန် အပြင် ၎င်းတို့၏ အတိုင်းအတာထက် ကျော်လွန်၍ မချေးကြရန် သတိပေးမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။

“ချေးငွေဆပ်ဖို့ အခက်အခဲရှိတဲ့သူတွေထဲမှာ အများစုက အီလက်ထရောနစ်ပစ္စည်းအသစ်တွေ ၊ အပန်းဖြေမှု ၊ ဖက်ရှင် တို့လိုမျိုး တကိုယ်ရည် လိုအပ်မှုတွေ အတွက် အပြင် မကြာသေးခင်ကဆိုရင် ဖျော်ဖြေပွဲလက်မှတ်တွေကို ဝယ်ဖို့အတွက် ချေးငွေယူလေ့ ရှိပါတယ်” ဟု OJK ၏ ကော်မရှင်နာ Friderica Widyasari Dewi က ဇူလိုင် ၄ရက်နေ့ က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ယခုလို ပြောကြားခဲ့သည်။

စမတ်ဖုန်း အသုံးပြုမှု တွင်ကျယ်လာသည့် အနေအထားမှာ အင်တာနက်အခြေခံ ဘဏ္ဍာရေးဝန်ဆောင်မှုများ ၏ အခန်းကဏ္ဍကို လျင်မြန်စွာ ကြီးထွားလာစေသည်။

အွန်လိုင်းချေးငွေများ၏ မကောင်းသော အချက်အဖြစ် ချေးငွေယူထားသူများသည် ပြန်လည်ပေးဆပ်ရမည့် သက်တမ်းမှ ရက်ပေါင်း ၉၀ကျော် ကြာသည့် အထိ ပြန်မဆပ်နိုင်သော အကြွေးများ၏ အချိုးနှုန်း သည် မေလအတွင်း ၃ ဒသမ ၃၆ရာခိုင်နှုန်း အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

အဆိုပါ အချိုးသည် ၂၀၂၂ ခုနှစ် အကုန်ကမူ ၂ ဒသမ ၇၈ ရာခိုင်နှုန်း ခန့်သာ ရှိခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ မှ သတ်မှတ်ထားသည့် မိုင်ကုန် “၅ ရာခိုင်နှုန်း” အထိ မရောက်ရှိသေးသော်ငြား ယခု ပမာဏ သည် ထက်ဝက်ကျော်သည့် အနေအထားတစ်ခု သို့ ရောက်ရှိနေသည်။

“အထူးသဖြင့် အွန်လိုင်းပေါ် က တရားမဝင် ငွေကြေးလုပ်ကိုင်မှုဆိုင်ရာ အန္တရာယ်တွေ အပြင် အွန်လိုင်းငွေချေးခြင်း ရဲ့ အကျိုးအပြစ်တွေ ကို နားလည်သဘောပေါက်ဖို့ ပြည်သူတွေကို ကျွန်ုပ်တို့ အနေနဲ့ ဆက်လက်တိုက်တွန်းပညာပေးသွားမှာပါ” ဟု OJK ကော်မရှင်နာ ဖြစ်သူ Dewi မှ ပြောကြားခဲ့သည်။

Reference

●       Bloomberg

●       The Straits Times