မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ကုသမှုခံယူ  

0
1763

ဦးနှောက်တွင်း သွေယိုစီးမှုကြောင့် သောကြာနေ့က ဆေးရုံတွင် အရေးပေါ်ကြပ်မတ်ကြသမှုခံယူနေရသည့် မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား၏အခြေအနေမှာ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဟု သိရှိရသည်။

ဗန်ဒါးဆား၏အခြေအနေ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဖြစ်ကြောင်းကို ၎င်း၏အသင်းဟောင်း အေဂျက်က သတင်းထုတ်ပြန်ထားပြီး ၎င်း၏အသင်းဟောင်းများ၊ ဘောလုံးလောကရှိ ကစားသမားများကလည်း ဗန်ဒါဆား အမြန်ဆုံးသက်သာပါစေကြောင်း ဆုတောင်းပေးလျက်ရှိသည်။

ဗန်ဒါဆားသည် အေဂျက်၊ ဂျူဗင်တပ်၊ ဖူလ်ဟမ်၊ မန်ယူ အစရှိသည့် အသင်းများနှင့်အတူ မှတ်တမ်းကောင်းများစွာကို ရေးထိုးစိုက်ထူခဲ့ကာ နယ်သာလန်လက်ရွေးစင်အသင်းနှင့်လည်း ကမ္ဘာ့ဘောလုံးလောကတွင် ထင်ပေါ်ကျော်ကြားမှုများကို ရယူနိုင်ခဲ့ဖူးသည်။

ဗန်ဒါဆားသည် ခရိုအေးရှားနိုင်ငံတွင် ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက်တွင်း သွေးယိုစီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗန်ဒါဆား၏အသက်မှာ ၅၂ နှစ်အရွယ် ရှိနေပြီဖြစ်သည်။

ဗန်ဒါဆားသည် ခရိုအေးရှားနိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ နွေရာသီအလည်အပတ် အပန်းဖြေခရီး ရောက်ရှိနေချိန်တွင် ဦးနှောက်သွေးကြောပေါက်သွားခဲ့ခြင်းဖြစ်ကာ ၎င်းကို သောကြာနေ့ နေ့လည်ပိုင်းတွင် ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပြီး အရေးပေါ်ကြပ်မတ်ကုသဆောင်တွင် ဆေးကုသပေးနေခြင်းဖြစ်သည်။