ထားဝယ်တွင် လဝကရုံးအနီး ဗုံးပေါက်ကွဲ

0
2923

ထားဝယ်မြို့တွင် လဝက(လူဝင်မှုကြီးကြပ်ရေး)ရုံးနှင့် ကညန(ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန) ရုံးလမ်းထောင့်တွင် ယနေ့ ဇူလိုင်လ ၈ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ‌မြို့ခံအချို့က ပြောသည်။

ကညနရုံးမှာ မြို့သစ်(၄) လမ်းဘေးတွင်တည်ရှိပြီး လဝကရုံးမှာ ကညနရုံးဘေး လမ်းသွယ်ထဲတွင် တည်ရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် ‌ဝဲကျွန်းရပ်ကွက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောသည်။

“လူနာကိုတော့ အရေးပေါ်ကားနဲ့လာတင်သွားတယ်။ ဒဏ်ရာအခြေအနေတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်သည့်နေရာအနီးတွင် အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုပြုလုပ်နေသလို မြို့သစ်လမ်းပိုင်းဘက်တွင်လည်း စစ်ကောင်စီတပ်များ စစ်ဆေးရှာဖွေနေသည်ဟု မြို့ခံအချို့က ပြောသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးပေ။