မန်ယူ၏နာမည်ကျော် ကျောနံပါတ် ၇ ကို မေဆန်မောင့် ဝတ်ဆင်မည်

0
1847

ချယ်လ်ဆီးမှနေ၍ မန်ယူဆီသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်လူ မေဆန်မောင့်သည် မန်ယူ၏ဂန္ထဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဖာဂူဆန် ခေတ်လွန်ကာလတွင် မန်ယူနည်းပြရာထူးကို ဆက်ခံခွင့်ရရှိသော နည်းပြများသည် ကျောနံပါတ် ၇ ကို ဆက်ခံနိုင်လောက်သည်ဟု ယူဆရသော ကစားသမားများကို စူးစမ်းရှာဖွေခဲ့ကြပြီး နည်းပြ ဗန်ဟားလ် လက်ထက်တွက် ဒီမာရီယာ၊ နည်းပြ မော်ရင်ညို လက်ထက်တွက် ဆန်းချက်ဇ်တို့က မန်ယူ၏ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရရှိခဲ့ကြသော်လည်း အရှိန်အဝါကြီးမားသော အောင်မြင်မှုကိုမူ ရှာဖွေနိုင်ခြင်း မရှိခဲ့ကြပေ။

နည်းပြ ဆိုးလ်ရှား လက်ထက်တွင် ကျောနံပါတ်ကို ကာဗာနီက ဦးစွာပထမ ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး စီရော်နယ်ဒို တစ်ကျော့ပြန်လည် ပြောင်းရွှေ့ရောက်ရှိလာချိန်တွင်မူ စီရော်နယ်ဒိုက ယင်းကျောနံပါတ်ကို တစ်ကျော့ပြန်လည် ဆင်မြန်းခွင့် ရရှိသွားခဲ့သည်။

စီရော်နယ်ဒိုသည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် ကျောနံပါတ် ၇ ပိုင်ရှင်အဖြစ် အတိုင်းအတာတစ်ရပ်အထိ ပြန်လည်အောင်မြင်ခဲ့သော်လည်း နည်းပြ အီရစ်ခ်တန်းဟတ်ဂ် လက်ထက်တွင်မူ အရန်ကစားသမားနေရာသို့ရောက်သွားခဲ့ပြီး ယင်းနောက်တွင် အသင်းအတွင်းရေးများကို အင်တာဗျူး၌ ဖော်ကောင်လုပ်ခဲ့ခြင်းကြောင့် မန်ယူဘက်က စီရော်နယ်ဒိုကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူကာ စာချုပ်ဖျက်သိမ်းပစ်ခဲ့သည်။

လက်ရှိတွင် နည်းပြ တန်းဟတ်ဂ် လက်အောက်၌ ကျောနံပါတ် ၇ ကို ဝတ်ဆင်ရန် မေဆန်မောင့် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ မန်ယူအတွက် အောင်မြင်မှုများရယူပေးခဲ့သော ဂျော့ချ်ဘက်စ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနှင့် စီရော်နယ်ဒို၏ခြေရာများကို မေဆန်မောင့် အမီလိုက်နိုင်စွမ်း ရှိ၊ မရှိကို စောင့်ကြည့်ကြရတော့မည်လည်းဖြစ်သည်။