မလေးရှားသွားမည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
1911

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၂၀ ဦး ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ဇူလိုင်လ ၄ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် စဒေါင်းဒေသရှိ စွန့်ပစ်ထားသော နေအိမ်အဆောက်အအုံထဲတွင် ပုန်းခိုနေကြသော မြန်မာအလုပ်သမာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ယင်းစွန့်ပစ် အဆောက်အအုံကို မလေးရှားသို့ ခိုးဝင်ရန် နားခိုသည့်နေရာအဖြင့် အသုံးပြုနေကြောင်း သတင်းပေး တိုင်ကြားချက်အရ လဝကရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆောက်အအုံထဲတွင် အသက် ၁၉ နှစ်မှ ၂၆နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦး သီးခြားခွဲထိုင်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

၎င်းတို့အားလုံးတွင် စာရွက်စာတမ်း အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြသည်။

၎င်းတို့သည် တနင်္သာရီတိုင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်သို့ တောလမ်းအတိုင်း ဝင်ရောက်လာခဲ့ကြကြောင်း ဘာသာပြန်များမှတစ်ဆင့် ပြောဆိုထားသည်ဟု ဆိုသည်။

ပွဲစားများက ပစ်ကပ်ကားများဖြင့် ထိုင်း-မလေးရှားနယ်စပ်ရှိ အဆိုပါစွန့်ပစ် အဆောက်အအုံထဲသို့ ခေါ်ဆောင်လာခဲ့ပြီး မလေးရှားသွားရန် စောင့်ဆိုင်းနေခဲ့ကြကြောင်း ဖော်ပြထားသည်။

ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကုန်ကျမည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲစားများကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဇူလိုင်လ ၃ ရက်နေ့ကလည်း ချွန်ဖော်ခရိုင်တွင် တရားမဝင် ရောက်လာသည့် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ပစ်ကပ်ကားတစ်စီး အစစ်မခံဘဲ ထွက်ပြေးရာမှာ ယာဉ်တိုက်မှုဖြစ်၍ ကားမီးလောင်သွားခဲ့သေးသည်။

ယင်းဖြစ်စဉ်တွင် မြန်မာအလုပ်သမား ၁၂ ဦးနှင့် မြန်မာကားသမားတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။ ကို

Ref: Bangkok Post, The Thaiger, Borderpress Songkhla