ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရ

0
1996
ပုံစာ - ယနေ့ မီးရှို့ခံရသည့် ဘန်းလမွှတ်ရွာ နေအိမ်တချို့

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

ဘန်းလမွှတ်ရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် တစ်နာရီခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသခံများ ကပြောသည်။

“ဘုန်းကြီးကျောင်းနားက အိမ်နှစ်ဆောင်အပါအဝင် သုံးဆောင်ရှို့ခံရတယ်လို့သိရတယ်။ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ရှို့သွားတယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

မီးရှို့ခံရသည့်နေအိမ်များမှာ ဦးမြင့်အောင်၊ ဦးဟိန်းကိုနှင့် ဦးတင်လှ တို့၏ နေအိမ်များဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။

တိုက်ပွဲနှင့် ဖမ်းဆီးခံရမှုများကြောင့် မီးရှို့ခံရသည့် နေအိမ်သုံးဆောင်အပါအဝင် တစ်ရွာလုံးနီးပါးရှိ နေအိမ်အများစုတွင် လူနေထိုင်မှုမရှိတော့ကြောင်း ဒေသခံများ ကပြောသည်။

ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသော်လည်း စစ်ကောင်စီတပ်မှ ညနေ ၃ နာရီဝန်းကျင်အထိ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ထပ်မံပြောဆိုသည်။

ယင်းအပြင် ရွာအတွင်း ရိက္ခာလာယူသည့် လူငယ်တစ်ဦးလည်း ပစ်သတ်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး Dawei  Watch အနေဖြင့်အတည်မပြုနိုင်သေးပေ။

ဘန်းလမွှတ်ရွာသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည့်ကျေးရွာဖြစ်သည်။

တနင်္သာရီမြို့နယ်တွင် ယခုအပတ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် ပဝနှင့် သရဖုံကျေးရွာအုပ်စုမှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရသည်။