တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2006

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ

ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့လို့ ပြင်သစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်

ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ပါရီမြို့တော်နားမှာ နာဟဲလ်အမ်လို့ သိရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ ကားထဲမှာ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။

ရဲတွေက လမ်းမှာ ယာဉ်စည်းကမ်းစစ်ဆေးစဉ် ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ ပြင်သစ် ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အုံကြွ ဆန္ဒပြမှုတွေဆီ ဦးတည်သွားစေခဲ့ပါတယ်။

ဇွန် ၂၇ ရက်ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ထောင်နဲ့ချီ တိုးမြှင့်ထားရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတကတော့ လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ မှတ်ချက်ပေးထားပါတယ်။

လူငယ်ကို ပစ်သတ်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိကတော့ သေဆုံးသူရဲ့ မိသားစုကို တောင်းပန်ထားပြီး လက်ရှိမှာတော့ သံသယတရားခံအနေနဲ့ ထိန်းသိမ်းခံထားရပါတယ်။

Ref: REUTERS

………………………………..

ကနေဒါ တောမီးကြောင့် အမေရိကန် လေထုညစ်ညမ်းနေ

အမေရိကန်ပြည်ထောင်စုရဲ့ သုံးပုံတစ်ပုံနီးပါးဟာ လေထုအရည်အသွေး ညံ့ဖျင်းတဲ့ဒဏ်ကို ခံနေကြရပါတယ်။

အိမ်နီးချင်း ကနေဒါနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန် အနောက်အလယ်ပိုင်းနဲ့ အရှေ့ဘက်ခြမ်းတလျှောက် ကောင်းကင်ယံမှာ မီးခိုးငွေ့တွေပြည့်နေတာပါ။

မီးခိုးငွေ့တွေကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေ ဖြစ်နေပြီး တချို့နေရာတွေမှာဆိုရင် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေပါတယ်။

လူပေါင်းသန်း ၁၂၀ ကျော်ကိုလည်း အပြင်ထွက်တာတွေ မလုပ်ဖို့နဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုညစ်ညမ်းမှုကို သတိထားဖို့ တိုက်တွန်းထားပါတယ်။

အိမ်ထဲနေရင် လေသန့်စက်ဖွင့်ပေးဖို့နဲ့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Ref: CNN

………………………………..

သီရိလင်္ကာနိုင်ငံက ဘဏ္ဍာရေးအကူအညီ ဒေါ်လာသန်း ၇၀၀ ရရှိ

ဒေဝါလီခံထားတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ လူမှုဖူလုံရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၇၀၀ အကူအညီရရှိတော့မှာ ဖြစ်ပါတယ်။

စီးပွားရေးအကြပ်အတည်းတွေ ကြုံရပြီး ကြွေးမြီမဆပ်နိုင်တဲ့ သီရိလင်္ကာနိုင်ငံအတွက် အကူညီပေးဖို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုလိုက်တာပါ။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်း သီရိလင်္ကာကို ပြီးခဲ့တဲ့မတ်လက ထောက်ပံ့ဖူးပါသေးတယ်။

ဒေါ်လာ သန်း ၅၀၀ ကို ဘဏ္ဍာရေးအသုံးစရိတ်အတွက် သုံးမှာပါ။

ဒေါ်လာ သန်း ၂၀၀ ကတော့ ငွေကြေးအကြပ်အတည်းကြောင့် အဆိုးဝါးဆုံး ထိခိုက်ခဲ့ရသူတွေအတွက် လူမှုကူညီရေးတွေ ပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

သီရိလင်္ကာရဲ့ စီးပွားရေး တည်ငြိမ်လာဖို့၊ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲဖို့နဲ့ ဆင်းရဲသားတွေ ဘေးအန္တရာက် ကျရောက်ခဲ့တဲ့သူတွေကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

မျောက်တွေရန်က ကာကွယ်ဖို့ အိန္ဒိယလယ်သမားတွေ ဝက်ဝံလို ဝတ်ဆင်ခြောက်လှန့်နေရ

အိန္ဒိယနိုင်ငံ အက်တာ ပရာဒါက်ရှ်ပြည်နယ်က လယ်သမားတွေဟာ မျောက်တွေရန်ကနေ ကာကွယ်ဖို့ ဝက်ဝံဝတ်စုံဝတ်ပြီး ခြောက်လှန့်နေကြရပါတယ်။

လယ်ကွင်းတွေထဲကို မျောက်တွေလာဖျက်ဆီးနေတဲ့အကြောင်းကို အာဏာပိုင်တွေကို လယ်သမားတွေက တိုင်ကြားဖူးပါတယ်။

သူတို့တွေက အာရုံစိုက်ခြင်းမရှိခဲ့တာကြောင့် ဒီနည်းလမ်းကို သုံးခဲ့ရတယ်လို့ လယ်သမားတစ်ယောက်က ဆိုထားတာပါ။

ဒါကြောင့် လယ်သမားတော်တော်များများက မျောက်တွေကို ခြောက်လှန့်ဖို့ ငွေတွေစုပြီး ဝက်ဝံဝတ်စုံကို ဝယ်ယူဝတ်ဆင်ခဲ့ကြပါတယ်။

ဒီသတင်းပျံနှံ့သွားပြီးနောက် သီးနှံတွေကို မျောက်တွေ ဖျက်စီးနေတာကို တားဆီးဖို့ အစီအမံအားလုံးကို ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်လို့ သစ်တောအရာရှိတစ်ဦးက ဆိုထားပါတယ်။

အရင်က လူတွေရဲ့အဝတ်ဟောင်းတွေ ဝတ်ဆင်ပေးထားတဲ့ စာခြောက်ရုပ်တွေကို လယ်ကွင်းထဲမှာ ထားပြီး ငှက်တွေနဲ့ တိရစ္ဆာန်တွေရဲ့ရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်လေ့ရှိကြပါတယ်။

Ref: NDTV

………………………………..

အမေရိကန်မှာ လေယာဉ်အင်ဂျင် စုပ်ယူမှုကြောင့် ဝန်ထမ်းတစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုနိုင်ငံတကာလေဆိပ်မှာ လေယာဉ်အင်ဂျင်ထဲ စုပ်ယူခြင်းခံခဲ့ရလို့ လေဆိပ်မြေပြင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒဲလ်တာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၁၁၁၁ လေယာဉ်ဟာ ဇွန်လ ၂၃ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့ကနေ ပျံသန်းလာခဲ့တာပါ။

ဆန်အန်တိုနီယိုလေဆိပ်ကို ဆိုက်ရောက်ခဲ့ပြီး အင်ဂျင်တစ်လုံးပဲဖွင့်ကာ ဂိတ်ထံ သွားနေတုန်း လေဆိပ်မြေပြင်ဝန်ထမ်းကို စုပ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၆ လတာအတွင်း လေယာဉ်အင်ဂျင်စုပ်ယူခံရမှုကြောင့် ဒုတိယမြောက် လူသေဆုံးမှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အလာဘားမားပြည်နယ် မောင့်ဂိုမာရီလေဆိပ်မှာ လေယာဉ်အင်ဂျင် စုပ်ယူခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

Ref: BBC

………………………………..

အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းက ဝန်ထမ်း ၂၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့

တရားမဝင်အွန်လိုင်းဂိမ်းတွေနဲ့ အင်တာနက် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံနေရတဲ့ အလုပ်သမား ၂၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတွေက ဇွန် ၂၇ ရက်နေ့က ဝင်ရောက် ကယ်တင်နိုင်ခဲ့ပါတယ်။

အလုပ်သမားတွေထဲမှာ တရုတ်နိုင်ငံသား ၆၀၄ ဦး၊ ဗီယက်နမ် ၁၈၃ ဦး၊ အင်ဒိုနီးရှား ၁၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၄ ဦး၊ ထိုင်း ၈၁ ဦးတို့ ပါဝင်နေပါတယ်။

ကျန်နိုင်ငံတွေကလည်း ပါဝင်နေပြီး သံသယရှိတဲ့ ခေါင်းဆောင် အဖမ်းခံ၊ မခံရသေးဘူးဆိုတာကိုတော့ မသိရှိရသေးပါဘူး။

တရားမဝင်အွန်လိုင်းဂိမ်းတွေနဲ့ အင်တာနက် ရာဇဝတ်မှုတွေ လုပ်တယ်လို့ ယူဆရတဲ့ နေရာအတွင်းက အဆောက်အဦတွေကို ညသန်းခေါင်အချိန် ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ခဲ့တာပါ။

ဖမ်းဝရမ်းတွေ ကိုင်ဆောင်ပြီး ရှာဖွေခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

Ref: AP

………………………………..

ရုရှားဒုံးကျည်ထိလို့ ယူကရိန်းမှာ လူ ၁၂ ဦးသေ၊ ၆၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ Kramatorsk မြို့ကို ဇွန် ၂၇ ရက် ညနေပိုင်းက ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စားသောက်ဆိုင်တခုအပါအ၀င် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာရှိတဲ့ အပျက်အစီးတွေကို ရှာဖွေကယ်ဆယ်နေတဲ့ ပုံတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

Kramatorsk မြို့ဟာ ယူကရိန်းအရှေ့ပိုင်း Donetsk ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။

ရုရှားအကြမ်းဖက်တွေနဲ့ ကူညီနေသူအားလုံးဟာ ပြည်သူတွေရဲ့ အသက်တွေကို ဖျက်ဆီးနေတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်တွေ ကျသင့်တယ်လို့ သမ္မတ ဇလန်းစကီးက ဇွန်လ ၂၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Ref: ABC News

………………………………..

ပါကစ္စတန်မှာ ရေကြီးရေလျှံမှုဖြစ်

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ ဇွန်လ ၂၆ရက်နေ့က ၆ နာရီဆက်တိုက် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်ခဲ့ရပါတယ်။

ရေကြီးမှုထဲမှာ ပြည်သူတွေ ဈေးသွား ဈေးလာ လှုပ်ရှားနေကြရတာကို တွေ့ရပါတယ်။

ပါကစ္စတန်မှာ မနှစ်တုန်းက ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ကြုံခဲ့ရပါသေးတယ်။

နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ လူပေါင်း ၃၃ သန်းလောက် ဒုက္ခရောက်ခဲ့ကြရပါတယ်။

အဲဒီရေကြီးမှုထဲ လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ပါကစ္စတန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref: The News

………………………………..

အမေရိကန် လေယာဉ်တင် သင်္ဘော ဗီယက်နမ်တွင် ဆိုက်ကပ်

အမေရိကန် လေယာဉ်တင်သင်္ဘောဟာ ဗီယက်နမ်အလယ်ပိုင်း ဒါနန်မြို့ကို ဇွန်လ ၂၅ ရက်နေ့မှာ ဆိုက်ကပ်ခဲ့ပါတယ်။

ဗီယက်နမ် ရေပိုင်နက်မှာ တရုတ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့အပေါ် ဗီယက်နမ်အစိုးရက ကန့်ကွက်ရှုတ်ချခဲ့ပြီး တစ်ပတ်အကြာမှာ ဆိုက်ကပ်ခဲ့တာပါ။

အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ၁၀ နှစ်ပြည့်မြောက်တဲ့ နေ့အထိမ်းအမှတ်အနေနဲ့ USS Ronald Reagan လို့ အမည်ပေးထားတဲ့ လေယာဉ်တင် သင်္ဘောက ဒါနန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပါတယ်။

ဒီလေယာဉ်တင်သင်္ဘောကြီးမှာ အမေရိကန်ရေတပ်သား ၅၀၀၀ ကျော်လိုက်ပါလာပါတယ်။

ဗီယက်နမ်နဲ့ အမေရိကန် နှစ်နိုင်ငံအနေနဲ့ ပိုမိုနီးကပ်တဲ့ ကုန်သွယ်မှုကို တိုးမြှင့်လာသလို ဒေသတွင်း တရုတ်ရဲ့အင်အား ကြီးထွားလာမှုအပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။

Ref: AP

………………………………..

အာဖရိကကနေ ဥရောပကို လူမှောင်ခိုသွင်းသူကို ဗြိတိန်ဖမ်းဆီး

အာဖရိက မြောက်ပိုင်းကနေ အန္တရာယ်ကြီးတဲ့ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီး ဥရောပကို လူမှောင်ခိုသွင်းရာမှာ စီစဉ်သူတစ်ဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဇွန်လ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သက် ၄၀ အရွယ် အီဂျစ်နိုင်ငံသား Ahmed Ramadan Mohamad Eibd ကို နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ဖမ်းဆီးလိုက်တာပါ။

မိုဟာမက် အိဒ် ကို သူ့ရဲ့ လန်ဒန်အနောက်ပိုင်းက နေအိမ်အနီးမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကို လူကုန်ကူးမှုနဲ့ တရားစွဲဆိုခဲ့ပြီး လန်ဒန်အနောက်ပိုင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နောက်ရုံးချိန်းအနေနဲ့ ဇူလိုင်လ ၂၄ ရက်မှာ လန်ဒန်တောင်ပိုင်း Southwark Crown ကို လာဖို့ ဆင့်ခေါ်ထားပြီး အဲဒီအချိန်အထိ သူ့ကို ထိန်းသိမ်းထားဖို့ တရားရုံးကနေ အမိန့်ချထားခဲ့ပါတယ်။

သူဟာ လစ်ဗျားကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး အီတလီကို လူထောင်ပေါင်းများစွာ မှောင်ခိုသယ်ခဲ့ရာမှာ စီစဉ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Ref: VOA

………………………………..