ရေး နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်ပစ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

0
2016

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂၅ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့်က နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှု နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက်တပ် (၃၁၇) ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား သုံးဦးလည်း ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ခြံထဲမှာကျပြီး မိသားစုဝင် ၄ဦး ထိသွားတယ်။ အမျိုးသမီးတစ်ဦးကတော့ သေဆုံးသွားတယ်။ အမျိုးသား ၃ ဦးကတော့ ဒဏ်ရာရတယ်။ လေယာဉ်နဲ့ပါ လာပစ်တယ်။ ညနေပိုင်းအထိကို သေနတ်သံတွေ ကြားနေ ရတာ။ ဒီနေ့ကတော့ အခြေအနေက ငြိမ်နေပေမယ့် ဘယ်အချိန်ထပ်ဖြစ်မလဲ မသိဘူး။ အကုန်လုံးက ကြောက်နေ ကြတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

နှစ်ကရင်ရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အဆိုပါပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“စခန်းက ရန်သူ့လှုပ်ရှားစစ်ကြောင်း ခဏနားနေတဲ့နေရာပါ။ သတင်းရလို့ ရန်သူတွေကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်တော့ များနိုင်ပါတယ်။ စခန်းတွင်း အနီးကပ်ချေမှုန်းဖို့ လုပ်နေချိန် မှာပဲ Mi-35 ရဟတ်ယာဉ်ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာ။ ပွိုင့် ၅ နဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု မြေပြင် PDF တပ်မှူးတစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်ကလည်း နှစ်ကရင်ကျေးရွာထဲ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ကျစထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၁၈ ရက်နေ့ကစပြီး မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် လှုပ်ရှားနေပြီး စစ်ဆေးမှုများလုပ်ဆောင်နေသည်။