အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

0
2225

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။

အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့် ပဋိပက္ခများအတွင်း ကျရောက်နေပြီဖြစ်သည်။

ဒေသခံများမှာလည်း အသက်ဘေးအတွက် ထွက်ပြေးတိမ်းရှောင်ကာ နီးစပ်ရာတောတောင်များ အတွင်းသွားရောက် နေထိုင်သူများရှိသလို ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် သွားရောက်ရှောင်တိမ်း ကြရသူများလည်းရှိသည်။

အချို့ဒေသများတွင်မူ စစ်ဘေးရှောင် စခန်းအချို့ရှိသဖြင့် စခန်းများတွင် သွားရောက်နေထိုင် နိုင်ကြသော်လည်း ဒေသအများစုတွင် စစ်ဘေးရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိကြသဖြင့် အဆင်ပြေသလို နေထိုင်ကြရသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ‌လေးသောင်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တိုက်ပွဲဖြစ်ပွားမှု အပေါ်မူတည်၍ စစ်ရှောင်များမှာ အတိုး၊အလျော့ရှိနေသည်။

ယခုလိုမိုးရာသီတွင်တော့ အမိုးအကာလိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်နှင့် စာနပ်ရိက္ခာလိုအပ်ချက်များ ကြီးကြီးမားမားကြုံတွေ့လာရသည်။

စစ်ဘေးရှောင်များမှာ ရာသီတုပ်ကွေး၊ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျော ရောဂါများလည်း ခံစားနေကြရပြီး ဆေးဝါးမလုံလောက်မှုများကြောင် အခက်အခဲကြုံတွေ့နေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် စစ်ဘေးရှောင်များနှင့် စစ်ရှောင်များကို အကူအညီပေးနေသူများကို တွေ့ဆုံမေးမြန်းကာ ဖော်ပြလိုက်ပါသည်။

“(အစားအစာ) မလောက်တဲ့အခါလည်း ရှိတာပေါ့။ ကလေးတွေနဲ့ လူကြီးတွေကိုပဲ ဦးစားပေးပြီး ပေးစားနေရတယ်)

သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာ စစ်ဘေးရှောင်တစ်ဦး

DW ။ စစ်ဘေးရှောင်နေရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုဆိုရင် ဖြစ်တဲ့နေ့ကစပြီးဆိုရင် နှစ်ပတ်ပေါ့ အဲလောက်ရှိနေပြီ။ အခုထိရွာထဲကိုမဝင်ရဲသေးဘူး။ နည်းနည်းပါးပါးတော့ အရိပ်‌အခြေကြည့်ပြီးသွားနေကြတာတော့ရှိတယ်။ ကျွန်မတို့ကတော့ မသွားရဲသေးဘူး။ စစ်တပ်ကလည်းရှိနေသေးတယ်ဆိုတော့ သွားလည်းမထူးဘူး ပြန်ပြေးနေရမယ်ဆိုပြီး မသွားသေးတာ။ သူများတွေကတော့ ရွာကနေ အပြီးပြောင်းတဲ့သူကပြောင်းနေကြတယ်။ ကျွန်မတို့ကတော့ ပြောင်းဖို့နေရာလည်းမရှိဘူးဆိုတော့ ဒီအတိုင်းပဲနေရမှာပေါ့။

DW ။ နေရေး၊ စားရေး အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ နေတာကတော့ ဆွေမျိုးအိမ်မှာဆို‌တော့ အဆင်ပြေတယ်။ သူများတွေလိုမျိုးတော့ ပင်လယ်တွေထဲမှာမနေရဘူး။ စားရတာကတော့ အဆင်မပြေဘူး။ ဟိုလူလာပေး၊ ဒီလူလာပေးတာတွေနဲ့ စားနေရတယ်။ ကျွန်မတို့မှာက လူများတော့ မလောက်တဲ့အခါလည်းရှိတာပေါ့။ ကလေးတွေနဲ့ လူကြီးတွေကိုပဲ ဦးစားပေးပြီး ပေးစားနေရတယ်။

DW ။ အသေးစိတ်ထပ်ပြောပြပေးပါလား။ ဘယ်လိုစားသောက်နေရလဲဆိုတာ။

ဖြေ ။ ဆန်တွေလာပေးကြတယ် ဒီရွာကလူတွေပဲ ဟိုလူက တစ်ပြည် နှစ်ပြည်အဲလိုမျိုး။ ကျွန်မတို့မှာက အားလုံးကလေးတွေရော၊ အဖိုးဖွားတွေရောဆိုရင် ၁၃ ယောက်ရှိတယ်။ ဆန်ရှိပြန်ရင် ဆီကမရှိ၊ တစ်ခုရှိရင် တစ်ခုမရှိ။ အဲလိုမျိုးနဲ့ပဲစားသောက်နေရတာပေါ့။ ကိုယ်တိုင်လည်း လိုက်ရှာစားဖွေစားလို့မရဘဲကို။ အလုပ်လည်းလုပ်စားမရဘဲကို။ ဒီလိုပဲပေါ့။ လူကများတော့ ကလေးတွေနဲ့ ဖိုးနဲ့ဖွားကို အိမ်ပေါ်နေခိုင်းပြီး ကျန်လူတွေကတော့ အဆင်ပြေသလိုပဲ အိပ်ကြစားကြတာပေါ့။ ဖိုးနဲ့ဖွားက အသက် ၇၀ ကျော် ၈၀ လောက်ရှိနေပြီ။ သူတို့လည်း အသက်ကြီးမှာပြေးနေရ၊ လွှားနေရတယ်ရှင်။ အဓိကတော့ ကျွန်မတို့နေတဲ့နေရာမှာက စားဖို့ပဲခက်ခဲနေတာ။

DW ။ အစ်မတို့နဲ့အတူတူ စစ်ဘေးရှောင်တွေဘယ်လောက်ရှိလဲ။ သူတို့တတွေကရော ဘယ်လိုနေထိုင် စားသောက်နေကြတာလဲ။

ဖြေ ။ တိတိကျကျတော့မသိဘူးရှင်။ ကျွန်မတို့နေတဲ့အပိုင်းမှာကို ငါးဆယ်လောက်ရှိတယ်။ တစ်ရွာလုံးဆိုရင်တော့ နှစ်ရာသုံးရာလောက်ရှိမယ်ထင်တယ်။ သူ့အပိုင်းနဲ့သူနေနေတာဆိုတော့ သိပ်မသိဘူး။ ဟိုရွာဒီရွာ သူ့ဆွေမျိုး ညီအစ်မရှိတဲ့နေရာတွေမှာ လိုက်နေကြရတာကို။ ကျွန်မတို့( ကနက်သီရိ) ရွာက အိမ်ခြေ သုံးထောင်‌လောက်တောင်ရှိတာ။ ရှိတဲ့သူအကုန်လုံးက ပြေးနေကြရတာလေ။ ဒီရွာမှာကို အများကြီးရှိကြတာ။ သူတို့လည်းကျွန်မတို့လိုမျိုးပဲ စားဖို့သောက်ဖို့ အဆင်မပြေကြဘူး။

DW ။ ‌ဆွေမျိုး ညီအစ်မတွေမရှိလို့ နေစရာမရှိဘဲဖြစ်နေကြတဲ့သူတွေရော ရှိလား။

ဖြေ ။ ရှိတယ်ရှင်။ ရေထဲကလှေတွေထဲမှာ နေတဲ့သူကနေ။ အဲလိုနေကြရတယ်။ ကျွန်မတို့လည်း ဒီလိုပဲ လွတ်အောင်ပြေးလာရတာဆိုတော့ တစ်ယောက်ကိုတစ်ယောက်လည်း မကယ်နိုင်ကြတော့ဘူး။ အခုသတင်းကြားရတာကတော့ ရေထဲမှာ လှေတွေ‌နဲ့နေနေကြတယ် ကြားရတာပဲ။ ကျွန်မတို့လည်း သွားကြည့်လို့လည်း အဆင်မပြေဘူး။ ကျွန်မတို့တောင် ဒီကဆွေမျိုးအိမ်မှာ ပြောပြီးနေနေရတာ။

DW ။ စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့ အဖွဲ့တွေမရှိဘူးလား။

ဖြေ ။ ဒီမှာတော့ ဆန်လာပေးတာ၊ ဆီလာပေးတာတွေတော့ရှိတယ်။ မရတဲ့သူလည်းမရကြဘူး။ ရရင်လည်း နည်းနည်းပါးပါးပဲရကြတယ်။ အဲဒီလောက်လာပေးတာနဲ့ကိုပဲ ကျေးဇူးတင်နေရတာရှင်။

“လူထောင်နဲ့ချီရှိတာကို ဘယ်လိုလုပ်ပြီး လုံလုံလောက်လောက်ပေးနိုင်မှာလဲ”

သရက်ချောင်းမြို့နယ် ရငဲဒေသခံတစ်ဦး( စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ)

DW ။ ရငဲရွာက စစ်ဘေးရှောင်တွေအခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ စစ်ဘေးရှောင်အကြောင်းမပြောခင် ( ဇွန်လ) ၂၂ ရက်က ရွာထဲကိုလက်နက်ကြီးနဲ့ပစ်သေးတယ်။ ရငဲရိပ်သာနားမှာကျလို့ အဲက ဘုန်းကြီးတွေပါ အကုန်ပြောင်းကုန်ကြပြီ။ ရငဲရိပ်သာမှာဆို ဘုန်းကြီးတစ်ပါးမှ မရှိတော့ဘူး။ ဆရာတော်တွေရော၊ သံဃာတွေရော ၊ ဘုန်ကြီးကျောင်းသာတွေရော အကုန်ပြောင်းကုန်ကြပြီ။ သူတို့( စစ်ကောင်စီတပ်) ရမ်းရမ်းပြီးလက်နက်ကြီးနဲ့ ပစ်နေတာဆိုတော့ ကျောင်းထဲကျမှားစိုးလို့ဆိုပြီး ပြောင်းကုန်ကြတာ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိသေးတာ တစ်ရက် နှစ်ရက်လောက်ထဲမှာ သူတို့လည်းရွှေ့ကြတော့မယ်လို့ ပြောနေတယ်။ လူတွေကတော့ တစ်ရွာလုံးမရှိကြတော့ဘူး။ ကျွန်မတို့(ရငဲ) ရွာမှာ အပိုင်း ၅ ပိုင်းရှိတာ အခုဆိုရင် ရွာအဖျားစွန်းက နေရာတွေလောက်မှာပဲ နည်းနည်းပါးပါးကျန်မယ်။ ရွာထဲမှာဆို ဘယ်သူမှမရှိတော့ဘူး။ ရွာပျက်ကြီးလိုဖြစ်နေပြီ။

DW ။ စစ်ဘေးရှောင်တွေကရော ဘယ်လိုနေကြတာလဲ။

ဖြေ ။ သူတို့က စုပြီးနေနေကြတာမဟုတ်ဘူး။ နီးစပ်ရာတွေမှာ ဒီအိမ်မှာ ဆယ်ယောက်ဆံ့ရင် ဆယ်ယောက် ဆယ့်ငါးယောက်ဆံ့ရင် ဆယ့်ငါးယောက် အဲလိုမျိုးပြန့်ကျဲပြီးတော့ နေနေကြတာ။ ဘုန်းကြီးကျောင်းမှာနေတဲ့သူနေမယ်။ စစ်တပ်က ရငဲရွာ မြွေတောင် (ရွာဦး) ကားလမ်းဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာဆိုတော့ တော်တော်နဲ့ ရွာထဲကို ပြန်ဝင်လို့ရကြမှာမဟုတ်ဘူး။ အဲကနေပြီး လက်နက်ကြီးနဲ့ ပစ်ပစ်ချတာ။

DW ။ အခုစစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေက ဘာတွေရှိလဲ။

ဖြေ ။ စားရေးသောက်ရေးခက်ခဲတယ်။ ဘာမှမပါသွားကြတော့ ဝယ်စားမယ်ဆိုလည်း ပိုက်ဆံကမရှိကြဘူး။ နောက်တစ်ခုက တစ်ချို့တွေမှာ အိမ်ထောင်စုတို့ မှတ်ပုံတင်တို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါမလာကြဘူး။ ပါလာတဲ့သူတွေမှာလည်း ပြေးရင်းလွှားရင်းနဲ့ ပျောက်တဲ့သူကပျောက်ပဲ။ တစ်ချို့ကျတော့ ခြင်ထောင်တွေပါမလာကြဘူး။ ကလေးတွေရော အကုန်ပဲ ခြင်ထောင်မရှိဘာမရှိနဲ့ အိပ်နေစားနေကြရတာပဲ။

တစ်ချို့တွေကတော့ ရွာကနေအပြီးပြောင်းမယ်ဆိုပြီး ပြောင်းတဲ့သူကပြောင်းနေကြတယ်။

DW ။ အစတုန်းက စစ်ဘေးရှောင်နေရတဲ့ရွာ တစ်ဆယ်ကျော်လောက်ရှိတယ်။ အခုအဲရွာတွေက အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ တစ်ချို့ရွာတွေကတော့ ပြန်နေကြပြီ။ သူတို့ရွာမှာ စစ်တပ်မရှိတော့ဘူးလေ။ ကျွဲမင်းကုန်းတို့ ဘာတို့မှာပေါ့။ တစ်ချို့ရွာတွေမှာဆို ဈေးတွေဘာတွေ နည်းနည်းပါးပါးပေါ့နော် ရောင်းချနေတာ‌ရှိနေပြီ။ ကိုယ့်အိပ်ကိုယ်ယာ ဝင်အိပ်နေလို့ရနေကြပြီ။ ရငဲမှာကကျတော့ တစ်ယောက်မှကို ကိုယ်အိမ်ကိုယ့်ယာ ဝင်အိပ်လို့မရကြဘူး။

DW ။ တစ်ချို့ရွာတွေ အိမ်ပြန်နေလို့ရပြီး ရငဲတို့ ကနက်သီရိတို့က ဘာကြောင့် ပြန်လို့မရသေးတာလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ ။ ရငဲရွာထိပ်မှာကိုယ်တိုင်က စစ်တပ်က တပ်စွဲထားသေးတာလေ။ ပြီးတော့ ရငဲရွာကို တမင်ရည်ရွယ်ပြီး လုပ်နေတာစစ်တပ်က။ ရွာထဲဝင်တာတွေရင်ဖမ်း၊ ထုထောင်းရိုက်နှက်ပြီး ပြန်လွှတ်လုပ်နေတာဆို‌တော့ ဘယ်သူမှရွာထဲမသွားရဲကြဘူး။ ရွာထဲအဝတ်အစားလေးယူမယ်ဆိုပြီး သွားတဲ့သူတွေတောင် ဆိုင်ကယ်တောင်ယူချိန်မရဘဲ ခြေကျင်ပြန်ပြေးလာကြရတယ်။ (စစ်ကောင်စီတပ်က) သေနတ်နဲ့လိုက်ပစ်လို့တဲ့။

DW ။ စစ်ဘေးရှောင်တွေကို ကူညီပေးရမှာရော ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ ဒီမှာက စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့အဖွဲ့ဆိုပြီး သီးသန့်မရှိဘူး။ ကျွန်မတို့ဆိုလည်း ပြေးရင်းလွှားရင်နဲ့ နိုင်သလောက် ကူပေးနေတာပဲရှိတာ။ ဟိုအဖွဲ့က ဆန်လာပေးမယ်ဆိုရင် ကူသယ်ပေး။ နေရာတွေလိုက်ပြပေး။ အဲလောက်ပဲတတ်နိုင်တာ။ ဖုန်းဘေတွေအလှူခံပေး။ စစ်ဘေးရှောင်ကူညီပေးနေတဲ့အဖွဲ့တွေက‌လာကူပေးနေကြတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ လိုလိုလောက်လောက်တော့ ဘယ်ရမလဲ။ တစ်ခါတစ်လေကျတော့လည်း တစ်ယောက်ကို မားမား လေးငါးထုပ်ရတာရှိတယ်။ ခေါက်ဆွဲ ငါးသေတ္တာတွေလည်းရှိတယ်။ လူထောင်နဲ့ချီရှိတာကို ဘယ်လိုလုပ်ပြီး လုံလုံလောက်လောက်ပေးနိုင်မှာလဲ။ ပြီးတော့ တစ်ရက် နှစ်ရက်လည်းမဟုတ်ဘူးလေ။

“(စစ်ဘေးရှောင်တွေ) ငှက်ဖျားရောဂါနဲ့ ကလေး၊လူကြီးမရွေး ရာသီပေါ်တုပ်ကွေးတွေ ဖြစ်နေကြပါတယ်”

စစ်ဘေးရှောင်ပူးပေါင်းကူညီစောင့်ရှောင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး (ဝသန်ဦးအတွက်ဆန်စုဘူးကမ်ပိန်း)

DW ။ တနင်္သာရီဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဘယ်လောက်ရှိလဲ။

ဖြေ ။ ဒေသအတွင်း‌စစ်ဘေးရှောင် ပမာဏက လေးသောင်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

DW ။ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်က ဘယ်လောက်ရှိလဲ။

 ဖြေ ။ အမိုးအကာနဲ့စားနပ်ရိက္ခာ လိုအပ်ချက်အနေနဲ့ ပမာဏကိုအတိအကျ ပြောနိုင်ဖို့ခဲယဉ်း‌ပါတယ်။ အမိုးအကာအနေနဲ့ဆို ထပ်တိုးလာတဲ့စစ်ဘေးရှောင်တွေအတွက် လိုအပ်သလို နှစ်နဲ့ချီတောတောင်တွေထဲမှာ နေထိုင်‌နေရတဲ့စစ်ဘေးရှောင်တွေ အတွက်လည်း ပြန်လည်ပြုပြင် မွမ်းမံဖို့လိုအပ်ပါတယ်။ စားနပ်ရိက္ခာလည်း အလားတူပါပဲ စစ်ဘေးရှောင် ပမာဏအကုန်လုံးအတွက် လုံလောက်တဲ့ပမာဏရဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းကူနေရတုန်းပါပဲ။

DW ။ အခုမိုးတွင်းမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အဓိကစိန်ခေါ်မှုတွေက ဘယ်အရာတွေလဲ။

ဖြေ ။ အမိုးအကာနဲ့ ကျန်းမာရေးကဏ္ဍလို့ ထင်ပါတယ်။ အမိုးအကာသည် စားနပ်ရိက္ခာတွေသိုလှောင်ဖို့ရော လူတွေရဲ့အသက်ရှင် ကျန်းမာမှုအတွက်ရော အရေးကြီးပါတယ်။ ကျန်းမာရေးကဏ္ဍမှာတော့ ‌ဆေးဝါးနဲ့ နားလည်တတ်ကျွမ်းသူ မျှမျှတတရှိနေနိုင်ဖို့ လိုအပ်နေခြင်းပါ တနင်္သာရီဒေသအတွင်း နားလည်တတ်ကျွမ်းတဲ့ ဆေးဝါးပညာရှင်တွေအရမ်းနည်းပါးနေပြီး မိုးရာသီလိုမျိုး ရာသီပေါ်ရောဂါတွေ များပြားတဲ့ကာလမှာ ပိုမိုအခက်တွေ့စေပါတယ်။

 DW ။ အခုစစ်ဘေးရှောင်တွေ့ရဲ့ စားဝတ်နေရေး၊ကျမ်းမာရေးအခြေနေက ဘယ်လိုရှိလဲ

 ဖြေ ။ စား၀တ်နေရေးကတော့ ပိုမိုကျပ်တည်းလာပါတယ်။ အဓိကထိုးနှက်နေတာက သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ဈေးနှုန်းပါ။ ကန့်သတ်ချက်များလာတဲ့ စစ်ဆေးရေးဂိတ်တွေ အဖမ်းအဆီးတွေ ခံလာရတဲ့ ဈေးဆိုင်တွေရဲ့နောက်ကွယ်မှာ စစ်ဘေးရှောင်တွေကို အများဆုံးအကျိုးသက်ရောက်စေပါတယ်။

လွန်ခဲ့တဲ့နှစ်က ဆန်တစ်အိတ် ၅၀၀၀၀ ၀န်းကျင်ရနိုင်ပေမယ့် အခုကျ ၉၀၀၀၀ နားကပ်နေပါပြီ ဒါက ဆန် ၂ အိတ်ရမယ့်နေရာမှာ ၁ အိတ်ပဲရတော့တဲ့ အခြေအနေပါ ပိုမြင်သာအောင် ပြောရရင်တော့ ထမင်း ၂ နပ်ကနေ တစ်နပ်ပဲစားတော့လို့ ပြောနေတဲ့အတိုင်းပါဘဲ။

ကျန်းမာရေးကဏ္ဍမှာတော့ ဆေးဝါးကျွမ်းကျင်သူတွေ နည်းပါးနေမှုကြောင့် အခက်အခဲဖြစ်စေပါတယ်။ တစ်ခြားအခက်အခဲကို ဝိုင်း၀န်းဖြေရှင်းနိုင်ကြပေမယ့် ဆရာ၀န်နဲ့သူနာပြု ရှားပါးမှုကိုတော့ အစားထိုးဖို့ခက်ခဲနေဆဲပါ။

 DW ။ လက်ရှိ အရန်ရိက္ခာ၊ ဆေးဝါ ဘယ်လောက်ရှိလဲ၊ ဘယ်အချိန်လောက်ထိ အသုံးပြုနိုင်မလဲ။

 ဖြေ ။ အတိအကျပြောဖို့ခဲယဉ်းပါတယ်။ စစ်ဘေးရှောင်ကူညီပေးနေသူတွေ အကြားရဆုံးက ရိက္ခာကုန်တော့မယ်။ ဆေးဝါးကုန်တော့မယ်။ အမိုးအကာတွေ အသစ်လိုနေပြီ စတာတွေပါ။

အရန်အနေနဲ့ဆိုပြီး သိုလှောင်ထားနိုင်တဲ့နေရာတွေဟာ ဒေသအတွင်းအရမ်းကို နည်းပါးနေပါသေးတယ်။ ဒါကြောင့်မို့လည်း ဒီလိုကမ်ပိန်းမျိုးတွေ ကျွန်တော်တို့ ဖော်ဆောင်ခြင်းဖြစ်ပါတယ်။

DW ။ အခုလောလောဆယ် စစ်ဘေးရှောင်တွေ ဘာတွေဖြစ်နေလဲ ပြောပြနိုင်မလား။

ဖြေ ။ လက်ရှိစစ်ဘေးရှောင်တွေရဲ့ အခြေအနေကတော့ လတ်တလောမှာ ငှက်ဖျားရောဂါနဲ့ ကလေး၊လူကြီးမရွေး ရာသီပေါ်တုပ်ကွေးတွေ ဖြစ်နေကြပါတယ်။ ငှက်ဖျားရောဂါကတော့ စစ်ဘေးရှောင်ဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်နေကြပြီး ရာသီပေါ်တုပ်ကွေးကတော့ သုံးပုံနှစ်ပုံနီးနီးဖြစ်ခဲ့ကြ၊ဖြစ်နေကြပါတယ်။ ဒီလိုရောဂါဖြစ်ပေါ်မှုဟာ ဒီနှစ်အတွင်းအဆိုးဆုံးဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကနေရာအစုံ ကလာရောက်ကြပြီး လူမျိုးအစုံဖြစ်နေတဲ့အတွက် ဘာရောဂါထပ်ဖြစ်မယ်ဆိုတာလည်းခန့်မှန်းအရ အလွန်ခက်ခဲပါတယ်။ ဆေးဝါးကုသပေးမည့်ဆရာ၊ဆရာမနှင့် ငှက်ဖျားတို့ရာသီပေါ်တုပ်ကွေးတို့အတွက်လိုအပ်တဲ့ဆေးဝါးအခက်ခဲတွေလည်းအများကြီးရှိပါတယ်။

 DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“ငှက်ဖျားဆေးဆိုရင် ကျွန်တော်တို့မှာ လုံးဝရှာမတွေ့တော့တဲ့ အနေထားမျိုးဖြစ်နေတယ်”

 နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီစောင့်ရှောင့်ရေးအဖွဲ့(တနင်္သာရီ)

 DW ။ စစ်ဘေးရှောင်တွေ ဘယ်လိုအခြေနေရှိလဲ။

ဖြေ ။ ဆန်တွေက အလွန်ဆုံး နှစ်လစာလောက်ပဲရှိပြီး။ မိုးတွင်းတစ်ခုလုံးစာ မလုံလောက်ဘူး။ မလုံလောက်ဘူးဆိုတာထက် စစ်ဘေးရှောင်တွေက တိုးလာနေတယ်။ တစ်ချို့ရွာတွေဆိုရင် ရွာထဲပြန်ဝင်လို့ မရတော့ဘူး။ အခု ဘန်းလမွတ်မှာဆို ဘယ်လိုဖြစ်နေလဲဆိုတော့ ရွာထဲကနေပြီး ရွာသားအားလုံးကို နှင်ထုတ်လိုက်တယ်။ ရွာမှာရှိတဲ့အိမ်တွေပေါ့နော်။ တံခါးပိတ်ထားတဲ့ အိမ်တွေဆိုလည်း ရိုက်ဖွင့်တယ်  အိမ်မှာရှိတဲ့ အဝတ်အစား၊အိုးခွက် အကုန် ကားတွေနဲ့လာတင်သွားတယ်လို့ သတင်းရထားတယ်။ အဲဒါကြောင့် ဒေသခံတွေက အိမ်ပြန်လို့မရတဲ့အနေထားပေါ့နော်။ စစ်ဘေးရှောင်တွေကတော့ တိုးလာနိုင်တဲ့ အနေထားပေါ့။

 DW ။ တစ်ခြားရောဘာတွေအခက်အခဲရှိလဲ။

 ဖြေ ။ မိုးရွာနေပြီဆိုတော့ သွားရလာရတာခက်ခဲတာတွေရှိတယ်။ အမိုးအကာတွေ လိုအပ်တာပေါ့နော်။ နောက်ပြီး ဆေးဝါးပေါ့နော် မိုးရာသီမှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါတို့လိုမျိုးအတွက်၊ ဝမ်းပျက်ဝမ်းလျော သွေးလွန်တုတ်ကွေးတို့လိုအတွက် ဆေးဝါးတွေလည်းလိုအပ်နေတယ်ပေါ့နော်။ နောက်တစ်ခု စောင်တွေ၊ခြုံထည်တွေ လိုအပ်နေတယ်။ ဘာလို့လဲဆို တစ်ချို့စစ်ရှောင်တွေက ဘာမှာ ယူလို့မနိုင်ဘဲ့ ပြေးထွက်လာရတာတွေ ရှိတယ်ဆိုတော့လေ။

 DW ။ လက်ရှိအခြေနေမှာ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးက ဘယ်လိုအခြေနေရှိလဲ။

 ဖြေ ။ လက်ရှိကျွန်တော့်နားမှာ အဖြစ်များတာကတော့ ငှက်ဖျားရယ် လက်ရှိ မိုးရာသီဆိုတော့ ရာသီတုတ်ကွေးပါ။ ရာသီတုတ်ကွေးက အဖြစ်များတာပေါ့နော်။ ငှက်ဖျားကတော့ တစ်ယောက်စ နှစ်ယောက်စတော့ တွေ့နေရတယ်။ လူတစ်ရာလောက်ကတော့ ရာသီတုတ်ကွေးဖြစ်နေကြတယ်။ နှာစီးချောင်းဆိုး၊ ခြေဆစ်လက်ဆစ်ကိုက်တာ ဖျားတာမျိုးတွေ အများဆုံးဖြစ်နေကြတယ်။

 DW ။ ကျန်းမာရေးစောင့်ရှောင်မှုပိုင်းကရော ဘယ်လိုခက်ခဲနေတာရှိလဲ။ စိန်ခေါ်မှုက ဘယ်လိုအရာတွေလဲ။

 ဖြေ ။ အဓိကတော့ ဆေးဝါးမရှိတာ။ မလုံလောက်တာ ပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း ဆေးဝါးစားနပ်ရိက္ခာပိုင်းကစ အကုန်ဖြည့်နေရတော့ စစ်ရှောင်တွေများလာတော့ အဲဒါတွေအခက်အခဲ ဖြစ်လာတယ်။ ငှက်ဖျားဆေးဆိုရင် ကျွန်တော်တို့မှာ လုံးဝရှာမတွေ့တော့တဲ့ အနေထားမျိုးဖြစ်နေတယ်။

 DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။