ထားဝယ်တွင် ကြက်သွန်ဖြူဈေးတက်

0
2072

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ကျပ်တစ်ထောင်ခန့်ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့က ထူး ၄ အမျိုးစားကြက်သွန်ဖြူတစ်ပိဿာကို ၇၅၀၀ကျပ်ဈေးရှိရာမှ ယနေ့ဇွန်လ ၂၅ ရက်နေ့တွင် ၈၅၀၀ကျပ်ခန့်ဖြစ်လာခြင်းဖြစ်သည်။

“ကြက်သွန်ဈေးက တက်နေတယ်။ ထူး ၅ အမျိုးစားက ပစ္စည်းပြတ်နေပြီ။ ရန်ကုန်၊မော်လမြိုင်က ကုန်သည်တွေပြောတာကတော့ တာချီလိတ် နယ်စပ်ဂိတ်တွေကနေ (ထိုင်း) ယိုးဒယားဖက်က ဝယ်လိုအားများနေတယ်လို့ပြောတယ်” ဟု ထားဝယ်မြို့မှ ကုန်ခြောက်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။

ထူး၅ အမျိုးအစားကြက်သွန်ဖြူမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တစ်ပိဿာ ၇၅၀၀ကျပ်ခန့်မှ ယနေ့ ဇွန်လ၂၅ ရက်နေ့တွင် တစ်ပိဿာ ၈၈၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ထူး ၅ အမျိုးစား ကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော်ထားဝယ်ဈေးကွက်၏ ကုန်ခြောက်ပွဲရုံအချို့တွင် ထူး ၅ အမျိုးစား ကြက်သွန်မှာ ပစ္စည်းပြတ်နေသည်ဟုယင်းဈေးကွက်ထံမှသိရသည်။

တနင်္သာရီတိုင်းတွင် အသုံးပြုရသည့် မီးဖိုချောင်သုံးပစ္စည်းများမှာ ရန်ကုန်နှင့် မော်လမြိုင်မြို့များမှတစ်ဆင့် မှာယူရောင်းချကြရသည့်အတွက်‌ ကြောင့် ရန်ကုန်၊မော်လမြိုင့် ဈေးကွက်အပြောင်းလဲနှင့် ကုန်ပစ္စည်း လက်ကျန်အပေါ်မူတည်ပြီး ထားဝယ်ဈေးကွက်တွင် ဈေးနှုန်းအတက်အကျလိုက်ပါပြောင်းလဲလေ့ရှိသည်။

“အဓိက ပစ္စည်းက (ထိုင်း) ဟိုဖက်ချည်းထွက်နေတော့ ဒီဖက်မှာ ကုန်နည်းသွားတယ်။လက်ကျန်ကုန်အပေါ်မှာမူတည်ပြီးဈေးဆွဲတင်ကြတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ လက်လီဈေးကွက်တွင် ပြီးခဲ့သည့် အပတ်က ကြက်သွန်ဖြူတစ်ပိဿာ ၇၀၀၀ ကျပ်ဝန်းကျင်ခန့်သာရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ ၁၀၀၀၀ကျပ်ဖြစ်သွားသည်ဟု အိမ်ရှင်မတစ်ဦးကပြောသည်။

“ဈေးတက်တာနှစ်ရက်သုံးရက်ရှိနေပြီ။ အစကလည်း တစ်ခါဝယ် တစ်ရာ ကျပ်ခန့်တော့တက်လာနေတာပါပဲ” ဟု၎င်းက ဆိုသည်။

ဇွန်လအတွင်း နှစ်ပတ်ဆက်တိုက် ထိုင်းနိုင်ငံ၏ဝယ်လိုအားကြောင့် ပြည်တွင်းတွင် ကြက်သွန်ဖြူဈေးတက်လာခဲ့သည်။

ဇွန်လ ပထမပတ်ကနေ ဒုတိယပတ်အထိ ပြည်ပပို့ကုန်အဖြစ် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဈေးကွက်သို့ ကြက်သွန်ဖြူ တန်ချိန် ၃၇၇တန် တင်ပို့ရောင်းချထားပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ၅၄၅ သန်း ခန့်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရသိရသည်။

ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူအပြင် ငရုတ်သီးအခြောက်ဈေးလည်းတက်နေသည်။

ပြီးခဲ့သည့်အပတ်က ငရုတ်ပုခြောက် တစ်ပိဿာ ၁၆၅၀၀ကျပ်မှာ ယနေ့ ၁၈၀၀၀ကျပ်ဖြစ် တစ်ပိဿာ ၁၅၀၀ကျပ်ဈေးတက်နေသည်ကို တွေ့ရသည်။

ကြက်သွန်ဖြူဈေးတက်သော်လည်းကြက်သွန်နီဈေးမှာ တစ်ပိဿာ ၂၇၀၀ကျပ်မှ ၂၈၀၀ကျပ်ခန့်ဖြင့် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။