စစ်ကောင်စီက အပြင်းအထန် စစ်ကြောင်းထိုးနေသည့် သရက်ချောင်း

0
2321

ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းကောင်းဖြင့် စိုးမိုးထားနိုင်သည့် သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် အပြင်းအထန် စစ်ကြောင်းထိုးနေသည်။

ယခုစစ်ကြောင်းထိုးခံရသည့် သရက်ချောင်းမြို့နယ်ရှိ ရငဲ၊ ကနက်သီရိအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှာ PDF များမရှိသဖြင့် ယခင်က စစ်ကောင်စီတပ်က စိုးမိုးထားသည့် နေရာများဖြစ်ပြီး ယခုအခါတွင်တော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပိုမိုထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ယင်းမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးရသည့် အကြောင်းအရင်း တစ်ခုဖြစ်နိုင်သည်ဟု တော်လှန်ရေး သမားများက သုံးသပ်ကြသည်။

“အရင်တုန်းကဆို သူတို့စိုးမိုးထားတဲ့ နယ်ရာတွေလေ၊ အခုကကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းပြန်ဖွင့်နိုင်အောင်ဆိုတာမျိုးလည်း ဖြစ်မယ်ထင်တယ်၊ ကျောင်းဖွင့်ဖို့ အခြေအနေလည်း ပါမယ်၊ နောက်တစ်ခုက အဲ့ဒီရွာတွေမှာ PDF တွေမရှိဘူးလေ၊ အခုက PDF တွေစိုးမိုးသလိုမျိုးဖြစ်နေတော့ နယ်မြေရှင်းလင်းချင်တာဖြစ်မယ် ကြည့်ရတာကတော့” ဟု ဒေါင်းမင်းစစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဇွန်လ ၈ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့ကဆိုသည်။

တော်လှန်ရေး အဖွဲ့များ၏ စခန်းကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ၎င်းတို့ကဆိုသည်။

သို့သော် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသွားလာသည့် လမ်းတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခြင်း၊ ဒေသခံများ၏ နေအိမ်များကို တစ်အိမ်တက် တစ်အိမ်ဆင်း ဝင်ရောက်ရှာဖွေစစ်ဆေးခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

စစ်ကောင်စီ စစ်ဆင်ရေး

ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် အင်အား ၃၅ ဦးခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဝင်းဝနယ်မြေရဲကင်းစခန်းမှ ကမြိုင်၊ ရငဲကျေးရွာဘက်သို့ တောလမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာခဲ့သည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက နေ့လယ် ၁၁ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုတွင် စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရသူ ၈ ဦးခန့်ရှိသည်ဟု ကျားရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ယင်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှာ လမ်းမှားဆုတ်ခွာရာမှ ကနက်သီရိကျေးရွာသို့ ရောက်သွားခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

လောင်းလုံးကျွန်းဆွယ်၊ ထားဝယ်မြစ်ဝနှင့် ထိစပ်နေသည့် ကနက်သီရိကျေးရွာမှာ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ ဇာတိလည်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်းကျေးရွာမှ ဒေသခံ ၃ ဦးနှင့် ကနက်သီရိကျေးရွာမှ ဒေသခံ ၄၀ ကျော်ကို လူသားဒိုင်းအသွင်ဖမ်းဆီးကာ ကနက်သီရိကျေးရွာ ဘုရားကိုးဆူဘုန်းကြီးကျောင်းတွင် တပ်စွဲထားလိုက်သည်။

ယင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များက ကနက်သီရိကျေးရွာက ထွက်ပေါက်အားလုံးကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသဖြင့် စစ်ကောင်စီတပ်မှာ ရွာအတွင်း ပိတ်မိနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင်တော့ စစ်သင်္ဘောတစ်စီး ကနက်သီရိကျေးရွာ ပင်လယ်ပြင်ကို ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ကျေးရွာဝန်းကျင်ကို ပစ်ခတ်ခဲ့သည်။

ဇွန်လ ၁၀ ရက် မနက်ပိုင်းတွင် ဝင်းဝနယ်မြေရဲကင်းစခန်းကို မြေသယ်ကား ၄ စီးခန့်ဖြင့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ၏ စစ်ကူတပ်များရောက်လာပြီး ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ ကျေးရွာများဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲကာ ကုန်းလမ်းမှ စစ်ကြောင်းထိုးလာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံတို့က ပြောသည်။

ကနက်သီရိကျေးရွာတွင် ပိတ်မိနေသည့် စစ်ကြောင်းကိုကူညီရန် စစ်သင်္ဘောနှင့် ခြေလျှင်စစ်ကြောင်းက စစ်ကူလာခြင်းဖြစ်နိုင်ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကျနော့်အမြင်ကိုပြောရရင် အောက်မှာတစ်ဖွဲ့က(ကနက်သီရိကအဖွဲ့) တက်လည်းမရ ဆင်းလည်းမရနဲ့သွားပြီးတော့ ပိတ်မိနေတယ်၊ အဲ့ဒီအဖွဲ့ကို လာကူတဲ့ပုံစံမျိုးထင်တယ်၊ စစ်သင်္ဘောအနေနဲ့က လာကြိုတယ်ဆိုတာထက် အပြင်ကနေရမ်းသမ်းပြီးတော့ ပစ်ကူနေတဲ့ပုံစံမျိုးတော့ရှိတယ်။ အပြင်ကိုခေါ်ထုတ်ဆောင်တာမျိုးတော့ မတွေ့ရသေးဘူး။ ကမ်းဘက်ကိုကပ်ဖို့က လှေကြီးကြီးဆို ကပ်ဖို့မလွယ်ဘူး။ နယ်မြေခံအသိမဟုတ်ရင် ဒီကမ်းကိုဝင်ဖို့ တော်တော်လေး အဆင်မပြေဘူးဆိုတော့ အဲ့လိုအခက်အခဲရှိမယ်ထင်တယ်” ဟု ၎င်းကဆိုသည်။

ကနက်သီရိရွာမှာ ပိတ်မိနေသည့် စစ်ကောင်စီတပ်သည် သက်ကြီးရွယ်အိုများ၊ အသက် ၄ နှစ်အထက် ကလေးငယ်များ၊ ကလေးမိခင်များအပါအဝင်၊ ဒေသခံအမျိုးသမီး၊ အမျိုးသားငါးဆယ်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

“သူတို့တွေက လမ်းကြောင်းမသိဘဲ ဆင်းပြေးလာတော့ ကျွန်မတို့ရွာသည်ပိတ်မိတဲ့ရွာကိုး၊ ကျွန်မတို့ရွာကို လမ်းကြောင်းသိတဲ့လူဆို ဝင်မပြေးဘူး။ အဲတော့ သူတို့ကကျွန်မတို့ရွာမှာ လာပိတ်မိနေတယ်” ဟု ကနက်သီရိကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ကလေးငယ်များ၊ ကလေးမိခင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသမီး၊ အမျိုးသား ၂၁ ဦးခန့်ကို ပိတ်မိနေသည့် စစ်ကြောင်းက ပြန်လွတ်ပေးခဲ့သည်။

“သူတို့တွေက ကုန်းလမ်းကနေသွားဖို့လိုလို ရေလမ်းကနေသွားဖို့လိုလိုတွေ ပြောနေတယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

ဇွန် ၁၁ ရက် မနက်ပိုင်းတွင် ဖမ်းဆီးထားသူ နောက်ထပ် ၂၀ ခန့်ကိုပြန်လွှတ်ပေးခဲ့ပြီး ဒေသခံ ၁၄ ဦးခန့် ကျန်ရှိနေသေးသည်ဟု ဒေသခံတို့က ဆိုသည်။

ဇွန်လ ၁၂ ရက်တွင် စစ်ကူလာကြိုသည့် စစ်ကြောင်းနှင့် ပိတ်မိနေသည့် စစ်ကြောင်းတို့ ပူးပေါင်းကာ ဖမ်းဆီးထားသည့် ဒေသခံ ၁၄ ဦးခေါ်ဆောင်ပြီး ပြန်ထွက်သွားခဲ့သည်။

ယင်းဖမ်းထားသူများကို ရငဲရွာအရောက်တွင် အားလုံးပြန်လွတ်ပေးခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးက တာဝန်ရှိသူ တစ်ဦးနှင့် ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီ၏ သတ်ဖြတ်၊မီးရှို့မှု

ဇွန်လ ၉ ရက်က ကနက်သီရိကျေးရွာမှ CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်တစ်လုံးနှင့် ပရိုဘောက်ကားတစ်စီး မီးရှို့ခံရပြီး ဇွန်လ ၁၁ ရက် စစ်ကြောင်းပြန်လည်မဆုတ်ခွာမီ နောက်ထပ် နေအိမ် လေးလုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ယင်းအပြင် ကနက်သီရိကျေးရွာက ဖုန်းဆိုင်တစ်ဆိုင်နှင့် နေအိမ်အချို့ကိုလည်း ဖောက်ထွင်းကာ ပစ္စည်းများသိမ်းယူသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူအတွက် ဆေးပြန်လာယူသည့် အသက် ၂၃ နှစ်ခန့်ရှိ စစ်ဘေးရှောင်လူငယ် ကိုဝေယံဟိန်းကို စစ်ကောင်တပ်က နေအိမ်ရှေ့တွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

ထိုနေ့မှာပင် ရငဲကျေးရွာက နေအိမ်နှစ်လုံးမီးရှို့ခံရပြီး ဇွန်လ ၁၂ ရက်တွင် နောက်ထပ် နေအိမ်ငါးလုံးခန့် မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သလို၊ အခြားအမျိုးသမီးတစ်ဦး သေနတ်ထိမှန်သဖြင့် ခြေထောက်မှာ ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ရငဲကျေးရွာရှိ ဒေသခံများ၏ နေအိမ်များ မီးထပ်ရှို့ခံရသည်ဟု ကြားသိရသော်လည်း အရေအတွက်အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ဘေးရှောင်များ

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာအပါအဝင် ကတွဲ၊ ဆိပ်ချောင်း၊ ညောင်ချောင်းစသည့် ကျေးရွာ ၁၁ ရွာခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇွန်လ ၁၂ ရက်တွင် ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိရွာများမှ စစ်ကောင်စီတပ်ပြန်သွားပြီး ရငဲကျေးရွာတွင် ရောက်ရှိနေသည်ဟုသတင်းရသဖြင့် ဒေသခံအချို့ နေရပ်ပြန်လာကြသည်။

ဇွန်လ ၁၃ ရက်တွင် ရငဲကျေးရွာမှ ဝင်းဝ-ထားဝယ်ဘက်သို့ ပြန်သွားပြီဆိုသဖြင့် ကျန်သည့်ကျေးရွာက ဒေသခံများပြန်လာရာ နေ့လယ်ပိုင်းတွင် ရငဲကျေးရွာအပြင်ဘက်ရှိ ကျောက်တစ်လုံးစေတီ တောင်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ခန့်ပြန်သွားသော်လည်း ရငဲကျေးရွာကျောက်တစ်လုံး စေတီတောင်ပေါ်တွင် အင်အား ၄၀ ခန့်ကင်းပုန်းဝပ်ကျန်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောဆိုသည်။

ယင်းအပြင် ပြန်သွားသည့် စစ်ကောင်စီတပ်ပြန်လာမည်ဆိုသည့် သတင်းနှင့်အတူ ကျေးရွာများအားလုံးရှိ ဒေသခံများ ဘေးလွတ်ရာကို ပြောင်းရွေ့ပေးကြပါဆိုသည့် သတင်းများကြောင့်လည်း နေရပ်ပြန်လာသည့် ကျေးရွာရှစ်ရွာမှ ဒေသခံအားလုံးနီးပါး ပြန်လည်ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။

ဇွန်လ ၁၃ ရက် ည ၈ နာရီခန့်တွင် ဝင်းဝတံတားအနီးတွင် ဟိုက်ဂျက်ကား၊ မြေတင်ကားအပါအဝင် ပရိုဘောက်ကား သုံးလေးစီးခန့်ဖြင့် စစ်ကောင်စီတပ်များပြန်ရောက်လာပြီး မင်းဒပ်အနီးကနေ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့သည်ဟု ဒေသခံအချိုု့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

ယင်းနေ့ညပိုင်းတွင် မင်းဒပ်ရွာက အသက် ၅၀ ခန့်ရှိ ဦးဝင်းသိန်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး ဇွန်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် မင်းဒပ်နှင့် ရွာချင်းဆက်ဖြစ်သည့် ဝင်းဝရွာက စစ်ဘေးရှောင်နေသည့် အသက် ၈၀ ကျော်အရွယ် အဖိုးဦးဖေသန်း ရုတ်တရက်အမောဖောက်ကာ သေဆုံးခဲ့သည်။

ဒေသခံများသည် ကုန်းလမ်း၊ ရေလမ်းများကို အသုံးပြုကာ နီးစပ်ရာ အသိမိတ်ဆွေများ၊ ဆွေမျိုးများရှိရာနေရာများနှင့် တောတောင်ဥယျာဉ်ခြံတဲများတွင် စစ်ဘေးရှောင်နေကြရပြီး အမိုးအကာမလုံခြင်း၊ နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

“အိမ်ရောက်တာ ထမင်းအိုးတစ်လုံးကျက်ရုံရှိသေးတယ် ချက်ချင်းပြန်ပြေးလာရတယ်။ ထမင်းတောင် စားလို့မမီဘူး” ဟု ဝဲရစ်ရွာက စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောဆိုသည်။