သရက်ချောင်း ကနက်သီရိရွာသားများ စစ်ဘေးရှောင်နေစဉ် နေအိမ်အချို့ဖောက်ထွင်းခံရ

0
2304

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဒေသခံများ စစ်ဘေးရှောင်နေကြစဉ် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၈ ရက်နေ့တည်းက သရက်ချောင်းမြို့နယ် ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာ များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရသည်။

ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီးနောက် လူမရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်ငါးလုံးခန့် ဖောက်ထွင်းခံထားရကြောင်း ယင်းကျေးရွာမှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်ဖောက်ထွင်းသူများကို ဒေသခံရွာသားအချို့နှင့် PDF တပ်ဖွဲ့က ရှာဖွေဖမ်းဆီးရာ ဖောက်ထွင်းခိုးယူခဲ့သူ ဒေသခံ ခြောက်ဦးကို ဖမ်းမိပြီး ယင်းအနက်နှစ်ဦးကို ခိုးရာပါ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု ၎င်းက ဆိုသည်။

“သူတို့က လူလစ်တုန်း ဝင်လုပ်တာပေါ့နော်။ သူတို့အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်။ သူတို့ကိုတော့ သတိပေးခဲ့တယ်ပေါ့” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ဖောက်ထွင်းသူများထံမှ အခေါက်ရွှေ ၂ ကျပ်သား လက်ကောက်နှစ်ကွင်းနှင့် အခြားလက်ကောက် သုံးကွင်း၊ ဘတ်ငွေအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကလည်း ကနက်သီရိကျေးရွာက ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်နှင့် ဖုန်းဆိုင်မှ ပစ္စည်းများကိုလည်း ဝင်ရောက်ရှာဖွေကာ ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။