တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ကြုံ၊ မိုးတွင်းပိုမိုကျပ်တည်းနိုင်

0
1882

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး မိုးတွင်းကာလတွင် ပိုမိုကျပ်တည်းလာနိုင်ကြောင်း စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် ကန့်သတ်ခံရခြင်းတို့မှာ အဓိက ထိုးနှက်ချက်ဖြစ်နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ငါးသောင်းကျပ်ဝန်းကျင်ရှိတဲ့ ဆန်တစ်အိတ်က အခု ကိုးသောင်းနီးပါးရှိလာတယ်။ ဒါကဆန်နှစ်အိတ် ရမယ့်နေရာမှာ တစ်အိတ်ပဲရတော့တဲ့ အခြေနေပါ။ ပိုမြင်သာအောင်ပြောရရင်တော့ ထမင်းနှစ်နပ်ကနေ တစ်နပ်ပဲ စားတော့လို့ ပြောတဲ့အတိုင်းပါပဲ” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆန် နှစ်လစာသာ ကျန်ရှိတော့ချိန် စစ်ဘေးရှောင်များကလည်း ထပ်တိုးလာကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် နွေဦးမေတ္တာ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီဆန်ပမာဏနဲ့ စစ်ဘေးရှောင်တွေ ထပ်တိုးမလာဘူးဆိုရင် ကျွန်တော်တို့ ထိန်းထားလို့ရသေးတယ်။ ထပ်တိုးလာရင်တော့ သေချာတယ် လုံးဝမလုံလောက်တော့ဘူး” ဟု ၎င်းက ပြောသည်။

မိုးတွင်းကာလဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် အမိုးအကာနှင့် ဆေးဝါးများလည်း လိုအပ်နေကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

“အခုအသစ်တိုးလာတဲ့သူတွေရှိတယ်။ သူတို့မှာ အဝတ်အစား အနွေး‌ထည်တောင် မပါလာတဲ့သူတွေရှိတယ်။ အဲဒီအတွက် အမိုးအကာတွေအပြင် မိုးတွင်းကာလာဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေအတွက် ဆေးဝါးတွေလည်း လိုအပ်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် တနင်္သာရီတိုင်းဒေသအသီးသီးရှိ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ ခြောက်ဖွဲ့ပူပေါင်း၍ ‘ဝသန်ဦးအတွက် ဆန်စုဗူး’ အမည်ဖြင့် အွန်လိုင်းကမ်ပိန်းကို ဇွန်လ ၁၂ ရက်နေ့တွင် စတင်ခဲ့သည်။

မိုးတွင်းကာလမှာ စစ်ဘေးရှောင်များ စားနပ်ရိက္ခာဖူလုံမှုရှိရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ယင်းကမ်ပိန်းမှာ ဇွန်လ ၁၂ ရက်မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၄၅ ရက်တာကာလအတွင်း ဆန်အိတ်ပေါင်း ၁၅၀၀ စုစည်းနိုင်ရန်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“အရန်အနေနဲ့ဆိုပြီး သိုလှောင်ထားနိုင်တဲ့နေရာတွေဟာ ဒေသအတွင်း အရမ်းကို နည်းပါးနေပါသေးတယ်။ ဒါကြောင့် ဒီလိုကမ်ပိန်းမျိုး ကျွန်တော်တို့ ဖော်ဆောင်ခြင်းဖြစ်တယ်” ဟု ပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဆန်စုပေးလိုသူများအနေဖြင့် ဝသန်ဦးအတွက် ဆန်စုဗူး လူမှုကွန်ရက်စာမျက်နှာ၏ မက်ဆင်ဂျာမှတစ်ဆင့် လာရောက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းကမ်ပိန်းကို တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်ကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲ့ရေးကော်မတီ၊ နွေဦးမေတ္တာ စစ်ဘေးရှောင်များကူညီရေးအဖွဲ့၊ တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ရက်နှင့် တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် လေးသောင်းနီးပါးရှိကြောင်း ယင်းပူးပေါင်းအဖွဲ့ထံမှ သိရသည်။