ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး လိင်တံကြီးလို၍ သံကွင်းစွပ်ထားရာမှ ရောင်ရမ်းလာသဖြင့် ဆေးရုံတက်ရ

0
2106

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး လိင်တံကြီးလာစေရန် သံကွင်းဖြင့် စွပ်ထားမိရာမှ ရောင်ရမ်းလာပြီး ပြည်တည်ကာ နာကျဉ်ကိုက်ခဲလာသဖြင့် ဆေးရုံတက်ကုသရကြောင်း နခွန်ဖင့်ဆေးရုံစာမျက်နှာက ဇွန်လ ၉ ရက်နေ့တွင် ဖော်ပြထားသည်။

အသက် ၂၉ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် လိင်တံအရင်းကို သံကွင်းဖြင့် တစ်ပတ်ကြာ စွပ်ထားမိခြင်းဖြစ်ကြောင်း ဆိုသည်။

နောက်ပိုင်းတွင် ရောင်ကိုင်းလာပြီး အရေပြား ကွာကျလာကာ ဒဏ်ရာများတွင် ပြည်တည်နာများဖြစ်ပေါ်လာပြီး နာကျင်ကိုက်ခဲလာကြောင်း ဖော်ပြထားသည်။

ဒဏ်ရာများကြောင့် သံကွင်းကို မဖြုတ်နိုင်တော့သဖြင့် နခွန်ဖင့်ဆေးရုံသို့ လာရောက်ကုသမှု ခံယူခဲ့ကြောင်း ရေးသားထားသည်။

ဆရာဝန်များက သံကွင်းကို ဖြတ်တောက်ပေးခဲ့ပြီး ရောင်ကိုင်းနေသော ဒဏ်ရာများကို ကုသပေးခဲ့ကြောင်း ဆိုသည်။

လူနာမှာ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းလည်း ဖော်ပြသည်။

လိင်တံတွင် သံကွင်း ကာလရှည် စွပ်ထားပါက သွေးနှင့် သွေးရည်ကြည်လှည့်ပတ်စီးဆင်းမှုကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းမှု လျော့နည်းလာနိုင်ကြောင်း ဆေးရုံရှိ ဆရာဝန်များက သတိပေးစာ ထုတ်ပြန်ခဲ့သည်။

နောက်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာ စွမ်းရည်ပါ ကျဆင်းလာနိုင်သည့်အပြင် အသားပုပ်လာနိုင်ပြီး ဖြတ်တောက်ရသည်အထိ အန္တရာယ်များကြောင်း ဖော်ပြထားသည်။

ယခုလုပ်ရပ်သည် လွဲမှားသောအယူအဆသာဖြစ်ကြောင်းလည်း ဆိုသည်။

ကွင်းများကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကာ အွန်လိုင်းတွင်းလည်း အရွယ်အစားများကို ရွေးချယ်ဝယ်ယူရရှိနိုင်သဖြင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အမျိုးသာများသည် ဆေးပညာကျွမ်းကျင်သူများဖြင့် မဟုတ်ဘဲ လိင်တံကို အဆီထိုးသွင်းခြင်း၊ ကွင်းစွပ်ခြင်းများ ပြုလုပ်‌လေ့ရှိကြပြီး ဆိုးကျိုးအနေဖြင့် ရောင်ရမ်းမှုများ၊ အသားပုပ်နာများဖြစ်လာနိုင်ကာ နောက်ဆက်တွဲအနေဖြင့် ကုသမှုစရိတ် ပိုမိုများပြားနိုင်ကြောင်း ဆေးရုံက သတိပေးထားသည်။

ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရပါက နီးစပ်ရာဆရာဝန်များထံတွင်သာ ကျန်းမာရေးအကြံဉာဏ်များ တောင်းခံ၍ ကုသကြရန် တိုက်တွန်းထားသည်။