ကျူရှင်တစ်ခေတ် ဆန်းသစ်ပြန်ပြီ

0
2277

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် ပညာရေးလောက၌ပြန်ပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်က ကျူရှင်စနစ်ဖြစ်သည်။

ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အကျပ်အတည်း မျိုးစုံကြုံတွေ့နေရပြီး အခက်အခဲများစွာကြားက ကလေးများကို ကျောင်းပို့နိုင်ရေးကြိုးပမ်းချိန်တွင် ကျူရှင်ဆိုသည့် ဝန်ထုပ်ဝန်ပိုးကိုပါ ထပ်ပြီးကြုံတွေ့လာရသည်။

ယခုစာသင်နှစ်တွင် ကျောင်းအပ်သည့် ကလေးများကို ကျူရှင်ထားရန် ဆရာ၊ဆရာမများက ဖိအားပေး ပြောဆိုနေသည်မျိုးပင် ရှိလာနေသည်။

ပညာရေးဌာနကမူ ဆရာ၊ဆရာမများ ကျူရှင်မသင်ရဟု လက်မှတ်ထိုးခိုင်းသည်မျိုး ရှိသော်လည်း ဆရာ၊ဆရာမများဘက်တွင်လည်း လက်ရှိကုန်စျေးနှုန်းဖြင့် ရသည့်လခမလောက်ငှသဖြင့် တတ်သည့် ပညာဖြင့် ကျူရှင်သင်ရသည်ဟု တုံ့ပြန်ပြောဆိုကြသည်။

အမှန်တကယ်လည်း ရသည့်လစာဖြင့် ရပ်တည်ရန် မလွယ်ကူသည့် အခြေအနေဖြစ်နေသည်။ ဆရာဝန်များ ပြင်ပဆေးခန်းထိုင်ကာ ဝင်‌ငွေရှာသည်ကို အပြစ်တင်သူမရှိသော်လည်း ကျောင်းဆရာများ ကျူရှင်သင်ပါက အပြစ်တင်မှုမှာ မတရားဟုလည်း ဆရာမများက တုံ့ပြန်ကြသည်။

ကျူရှင်စနစ်မှာ ငွေကြေးပြေလည်သည့် မိသားစုများအတွက် အခက်အခဲမရှိသော်လည်း ငွေကြေးအဆင်မပြေသည့် မိသားစုများအတွက် စိတ်ပျက်စရာ အခြေအနေဖြစ်ရသည်။

ကလေးများကို ကျူရှင်မထားပါက ကျောင်းတွင်မျက်နှာငယ်၊ အနှိမ်ခံရမည်ကိုလည်း မိဘများက စိုးရိမ်ကြသည်။

ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ထားချင်လို့တော့မဟုတ်ဘူး။ ဆရာမက ကျူရှင်မထားဘူးလားမေးတော့ အားနာတာလည်းပါတယ်”

ဒေါ်မေဦး ထားဝယ်မြို့ခံ မူလတန်းကျောင်းသားမိဘ

DW ။ အခုကျောင်းအပ်ရာသီမှာ ကျောင်းအပ်ခ ဘယ်လောက်ကုန်လဲ အဲဒါအရင်ဆုံးပြောပြပါလား။

ဖြေ ။ ကျောင်းအပ်ခတော့ မပေးရဘူး။ ဖောင်စာရွက်ဖိုးပဲ ဝယ်ရတာရှိတယ်။ အဲဒါကလည်း အပြင်က မိတ္တူဆိုင်မှာ ကိုယ့်ဘာသာဝယ်တာ။

DW ။ ကျူရှင်တွေ၊ ဂိုက်တွေထားရသေးလား။

ဖြေ ။ ကျူရှင်တော့ထားတယ်။ ဂိုက်ပါထားမယ်ဆို ဈေးကြီးလို့မထားဖြစ်ဘူး။

DW ။ ကျူရှင်က ဘယ်လောက်ပေးရလဲ။

ဖြေ ။ ကျူရှင်ဈေးကတော့ အစားစားရှိတယ်။ ဆရာမပေါ်မူတည်တာပေါ့နော်။ ကျောင်းကဆရာမဆီမှာထားရင် ဈေးကြီးတယ်။ အပြင်မှာဆိုရင် ဈေးသက်သာတယ်။ ကျွန်မသားကတော့ (တစ်လ) သုံးသောင်းပေးရတယ်။ တစ်ချို့ဆို လေးသောင်း ဂိုက်ပါဆို ရှစ်သောင်း အဲလိုတွေတောင်ရှိတယ်။

DW ။ ကျူရှင်ကအရင်ကလည်း ထားရတာပဲမလား။

ဖြေ ။ ထားတော့ ထားရတယ်။ အခုလောက်ဈေးမကြီးဘူး။ အရင်တုန်းကဆိုရင် (မူလတန်းကျောင်းသားအတွက်) (ကျပ်) သုံးလေးငါးထောင်ပဲရှိတာ။ အခုနဲ့ဈေးအရမ်းကွာတယ်။

DW ။ ကျူရှင်က ကိုယ်မထားရင်မထားလို့ရတာဆိုတော့ အခုကကိုယ်တိုင်သဘောတူလို့ထားထားမဟုတ်လား။

ဖြေ ။ ထားချင်လို့တော့မဟုတ်ဘူး။ ဆရာမက ကျူရှင်မထားဘူးလားမေးတော့ အားနာတာလည်းပါတယ်။ မထားပြန်ရင်ကိုယ့်သားသမီး မျက်နှာငယ်‌နေမှာကြောက်တာပေါ့။

DW ။ အခုနောက်ပိုင်း ကလေးတွေကိုကျောင်းထားရတာ ငွေကုန်ကြေးကျများတယ်လို့‌ပြောသံကြားရတယ်။ အဲဒီအပေါ်ဘာများပြောချင်တာရှိလဲ။

ဖြေ ။ အဲတာတော့ဟုတ်တယ်။ တစ်ချို့နယ်ကနေ ကျောင်းလာထားတဲ့သူတွေဆို ပိုဆိုးတယ်။ သူတို့မှာ ကလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲကျောင်းထားနိုင်ကြတာ။ အိမ်ခန်းငှားခတို့၊ စားစရိတ်တို့ကအစ ဆိုတော့ ကုန်ကျများတာပေါ့ ကျွန်မတို့ထက်။ ကျူရှင်ပါထားရဆိုတော့ အဲဒါမျိူးတွေက။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်မကတော့ ကလေးတွေကိုစာတတ်စေချင်တယ်။ ကျောင်းထားဖို့ကိုလည်းအားပေးချင်တယ်။ ကျွန်မတို့လည်း ၈၈ ခုနှစ်က ဒီလိုပဲကြုံခဲ့ရတယ်။ ပိုက်ဆံရှိမှ ကျောင်းမှာ မျက်နှာပန်းပွင့်တဲ့ ခေတ်တုန်းကပေါ့။ ဗိုလ်ကြီးတွေ၊ အရာရှိကြီးတွေ ကြားမှာတော်တော်လေးကို မျက်နှာငယ်ခဲ့ရတာ။ အခုလည်း ကျွန်မတို့ခေတ်တုန်းကလိုပဲ ငွေရှိမှ ကျောင်းထားနိုင်တဲ့အခြေအနေဖြစ်နေပြီ။ အဲလိုမျိူးသာဆိုရင် ပိုက်ဆံမတတ်နိုင်တဲ့သူတွေရဲ့ ကလေးတွေက အရွယ်မတိုင်ခင် လမ်းဘေးကိုရောက်ကုန်ကြတော့မှာ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဆရာမတော့ မေးမေးနေတယ်တဲ့ ကျူရှင်ဘယ်နေ့လာအပ်မှာလဲလို့”

နယ်ကျေးရွာကနေ ထားဝယ်မြို့သို့ပြောင်းပြီး ကျောင်းအပ်ထားသူအုပ်ထိန်သူတစ်ဦး

DW ။ ရွာကနေပြီး မြို့မှာကျောင်းသွားထားတာဆိုတော့ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာပြောပြပေးပါ။

ဖြေ ။ အရင်ဆုံးတော့ အိမ်ရှာရတာခက်တယ်။ ထားဝယ်မှာလည်း လမ်းတွေဘာတွေမသွားတတ်ဘူးဆိုတော့ အိမ်လိုက်ကြည့်လို့မရဘူး။ အခုတော့ ရတဲ့အိမ်မှာတက်နေလိုက်တယ်။ ‌ဈေးတော့ကြီးတယ်။ တစ်လဆို ၁၁၀၀၀၀ ယူတာတဲ့။ နှစ်ချုပ်နဲ့နေမယ်ဆိုရင်တော့ (တစ်လကိုကျပ်) ၁၀၀၀၀၀ နဲ့ရတယ်။ ကျောင်းကလည်း ဖွင့်ကာနီးမှ ကပြာကရာနဲ့ ဖြစ်သွားတာဆိုတော့ ဟိုဟာဆိုလည်းလေားလေား၊ ဒီဟာဆိုလည်း လေားလေားနဲ့လိုက်လုပ်နေရတာ။ အဲလိုမျိူးနဲ့အခုလောလောဆယ်အဆင်ပြေနေတယ်။ ကျောင်းနဲ့က နဲနဲဝေးတော့ သုံးဘီးတစ်စီးလည်းငှားထားရတယ်။ တစ်နေ့ကိုနှစ်ထောင်‌ပေးရတယ်။ အဲဒါလည်း အစတုန်းကတော့ နှစ်ထောင်ပေးရတာနှမြောလို့ ကိုယ်ဘာသာကြိုပို့လုပ်မလို့ဘဲ။ ကလေးက ငါးယောက်တောင်ဆိုတော့ သုံးလေးခေါက်သွားပြန်လုပ်နေရတာနဲ့ ငှားလိုက်တာပဲနားအေးတယ်။

(အခြားဆွေမျိုးများ၏ ကလေးများပါ ပါဝင်နေသဖြင့် ကလေးငါးဦးဖြစ်နေခြင်းဖြစ်သည်။)

DW ။ ဘယ်ကျောင်းမှာအပ်ထားလဲ။ ကျူရှင်တွေရော ယူရသေးလား။

ဖြေ ။ အားလုံး(—–) ကျောင်းမှာပဲ။ ကျောင်းသွားအပ်တုန်းကတော့ ကျူရှင်ထားမလားလို့ ဆရာမကမေး‌တယ်။ ကျွန်မဘာမှပြန်မပြောခဲ့ဘူး။ ဆရာမမျက်နှာတော့ မကောင်းတာ သတိထားမိတယ်။ နောက်တစ်ယောက် သွားအပ်တော့ ကျူရှင်ထားမယ်ဆို ဘယ်လောက်လဲ မေးစားကြည့်ကြည့်တယ်။ အဲမှဆရာမက ဖော်ဖော်ရွေရွေနဲ့ လက်ကိုဆွဲခေါ်လာပြီး (ကျောင်းအပ်မယ့်) ဖောင်တွေဘာတွေ သေချာဖြည့်ပေးသေးတယ်။ ကျူရှင်တော့မထားဖြစ်ဘူး။ ကလေးတွေက စာအကုန်ကြေနေပြီ။ အခုကျောင်းမှာ စာသင်နေရတာကို ပျင်းနေကြတယ်။ တစ်ခါလာလည်း ကကြီး၊ ခခွေး၊ တစ်နှစ်သုံးလေးပဲဆိုနေရတာကိုး။ သူတို့က အဲဒါတွေကြေနေပြီ။ အိမ်မှာ‌နေ့တိုင်းသင်နေရတာအဲဒါတွေက။ အဲကြောင့် ကျူရှင်မထားဘူး။ ဆရာမတော့ မေးမေးနေတယ်တဲ့ ကျူရှင်ဘယ်နေ့လာအပ်မှာလဲလို့။

DW ။ ထားဝယ်မှာနေနေရတာဆိုတော့ နေရေး စားရေး၊ ကျောင်းစာရိတ်တွေ ဘယ်လောက်ကုန်ကျမှုရှိလဲ။

ဖြေ ။ ဒီမှာနေတာက တစ်လဆို ငါးသိန်းလောက်ကတော့အသာလေးပဲ။ ရသမျှပိုက်ဆံ အကုန်လုံးလောက်ပဲရှိမယ် ဒီထဲ( ပညာသင်စာရိတ်ထဲ) ရောက်နေတာ။ အိုစာမန်းစာတောင် မစုနိုင်တော့ဘူး။ သူ့အဖေကတော့ သူ့သားမသီးတွေ စာတတ်ဖို့အရေးကြီးတယ် ပိုက်ဆံကုန်ချင်ကုန်ပါစေဆိုလို့သာ လာထားထားရတာ။ ပိုက်ဆံတော့တော်တော်ကုန်တယ်။ သူကတော့ ( မလေးရှားကနေ) လေးငါးသိန်း လတိုင်းပို့ပေးတယ်။ ဒီမှာက ကန်းစွန်ရွက်ကအစ ဝယ်ရတာလေ။ ရေကအစဝယ်သောက်ရတာကိုး။ ရွာမှာလိုမျိူး ဟင်းချက်စရာလေးဘာလေးလိုရင် ဟိုပင်ခူး၊ ဒီပင်ခူးလိုက်ခူးလို့မှမရှိတာကို။ အားလုံးကပိုက်ဆံနဲ့ပဲ။ ပိုက်ဆံရှိရင်တော့ အားလုံးဆင်ပြေတယ်။

DW ။ တစ်ရွာတည်းသာချင်းတွေရော ထားဝယ်မှာ ကျောင်းလာနေတဲ့သူရှိလား။

ဖြေ ။ သုံးလေးယောက်ရှိတယ်။ ဒါပေမဲ့ ကျောင်းချင်းမတူတော့ မတွေ့ရဘူး။ တစ်ခြားသူတွေလည်း ကျောင်းထားချင်လို့ မေးစမ်းနေကြတာရှိတယ် ဖုန်းဆက်ပြီး။ ကျွန်မကတော့ စေတနာနဲ့ပေါ့နော် ဘယ်လောက်ကုန်တယ်။ ဟိုဟာကဘယ်လောက်၊ ကျူရှင်ဖိုးနဲ့ဆို ဘယ်လောက်အဲလိုတွက်ပြပေးလိုက်ရင် သူတို့လည်း မထားနိုင်လို့လားမသိဘူး။ နောက်ထပ်လာမမေးကြတော့ဘူး။ သူတို့လည်းနေချင်မှာပေါ့နော်။ ကုန်ကျစာရိတ်တွေ တွက်ပြလိုက်ရင် ပြန်ပြန်သွားကြတယ်။ တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။

DW ။ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။

ဖြေ ။ ကျူရှင်တစ်ခုပဲစိတ်ညစ်နေတာရှိတယ်။ ကျောင်းကပြန်လာရင် ဆရာမက မှာလိုက်တယ်။ ကျူရှင်မအပ်သေးဘူးလား၊ မအပ်သေးဘူးလားလို့ လာလာပြောတယ်။ သူတို့ကလည်း စာကြေနေပြီးသားဆိုတော့ မအပ်ချင်ဘူး။ အပ်ရင်လည်း တစ်ယောက်တည်းအပ်လို့မရပြန်ဘူး ခက်တာက။ ငါးယောက်စလုံးအပ်ရမှာ။ ငါးယောက်ဆို တစ်လတစ်လ တစ်သိန်းကျော်မှာ။ အဲဒါတစ်ခုတော့ ဘဝင်မကျဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ဘာမှပြောစရာမလိုဘူး။ ဖွင့်ခွင့် သင်ခွင့်ပေးထားတာမှမရှိတာ”

တနင်္သာတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး

DW ။ ကျောင်းသားမိဘတွေက ကျူရှင်ထားနေရတယ်ဆိုပြီးပြောလာတာတွေရှိပါတယ်။ ကျူရှင်ကိစ္စဘာတွေလုပ်‌ဆောင်နေတာရှိလဲ သိချင်ပါတယ်။

ဖြေ ။ အဲဒါကတော့ ဘာပဲပြောပြောပြော ကျူရှင်သည် တရားဝင်သင်ကြားခွင့်မရှိဘဲနဲ့ ပိတ်ပင်တာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ မိဘတွေနဲ့ ဆရာတွေကြားမှာ သူတို့ဟာသူတို့ အမှားလမ်းကြောင်းမှာ ဆက်ပြီးတော့ နှစ်ဦးသဘောတူ သွားနေတာမျိုးမြင်နေရတယ်။ ဥပမာ KG တန်းပဲကြည့်။ တကယ်က KG တန်းက စာသင်ပေးတဲ့အရွယ်မဟုတ်ဘူး။ စာနဲ့ရင်းနှီးအောင်လုပ်ပေးရတဲ့အတန်း။ အဲဒါကိုမိဘတွေက ကျူရှင်လိုက်လိုက်ထားတယ်။ ဆရာတွေကလက်မခံဘူး။ အဲဒါကိုမိဘတွေကမရဘူး အတင်းအပ်နေကြတယ်။ အဲဒါတွေက မိဘတွေက လိုချင်စိတ်တွေများနေတာ။ မျက်နှာရချင်တယ်။ တော်ကြာ အဲလိုသွားမအပ်ရင် ဆရာမတွေကပဲငြိုငြင်မလားဆိုတဲ့ မိဘတွေရဲ့ သား၊သမီးတွေအပေါ် အချစ်လွန်တဲ့ရောဂါဖြစ်နေကြတာ။ မူလတန်းအောက်ထစ်တွေက စာမေးပွဲမှမရှိဘဲ။ စာမေးပွဲမရှိဘဲနဲ့ ကျူရှင်က လိုလည်းမလိုအပ်ဘူး။ သင်ရိုးညွှန်းတမ်းအသစ်တွေက ကျူရှင်မတက်ရအောင်လုပ်ထားတာ။ အဲဒါကို အချိန်ပေးပြီးတော့ တိုက်ဖျက်ရမှာ။ ပညာရေးဝန်ထမ်း သား၊သမီးတွေတောင် ကျူရှင်ထားနေကြတာ။ အဲလိုတွေတွေ့နေရတာပေါ့။

DW ။ အဲဒီလိုကျူရှင်သင်နေကြတဲ့အပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ရှိလဲ ဆိုတာလည်းပြောပြပေးပါ။

ဖြေ ။ ဒါကြီးက ခွင့်မပြုထားတဲ့ဟာဖြစ်တဲ့အတွက် ဒါမသင်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ခံဝန်ထိုးခိုင်းမှာ။ ပြဿနာတွေပေါ်လာရင် သူတို့အရေးယူခံရမှာ။ ခုနကပြောတဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာက ဖွင့်ခွင့်မပေးထားဘူး။ ဘာမှပြောစရာမလိုဘူး။ ဖွင့်ခွင့် သင်ခွင့်ပေးထားတာမှမရှိတာ။ အဲလိုမသင်အောင်လည်း သင်ရိုးညွန်းတမ်းက ရေးဆွဲထားပြီးသား။ ရေစီးကြောင်းတစ်ကြောင်းက ဖျက်ဆီးနေသလိုဖြစ်နေတယ်။ သူတို့ကိုတားမြစ်ထားတယ်။ မသင်ရဘူးလို့။ အဲဒါနှစ်စဉ်လုပ်နေတဲ့အရာ။

DW ။ ကျေးဇူးတင်ပါတယ်။

“လောက်ငှအောင်ပေးထားရင် ဘယ်ဆရာမမှ ကျူရှင်မသင်ဘူး”

ထားဝယ်မြို့ပေါ်က မူလတန်းပြဆရာမတစ်ဦး

DW ။ ကျူရှင်သင်ခွင့်မပြုထားဘူးလို့ ပညာရေးမှူးကပြောတယ်။ တကယ်တော့ ဆရာမကိုယ်တိုင်လည်း ကျူရှင်သင်နေတာဆိုတော့ အဲဒီအပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။
ဟုတ်တယ်။ ကျူရှင်မသင်ရဘူးလို့ နှစ်တိုင်း လက်မှတ်ထိုးရတယ်။ ဟုတ်ပြီအဲဆိုတစ်ခုမေးကြည့်မယ်။ အခုလက်ရှိလုပ်နေရတဲ့အလုပ်နဲ့ ရတဲ့လခ တန်ရဲ့လား။ အဲဆိုဘယ်လိုဖြေမလဲ။ နင်တို့လည်း သိတဲ့အတိုင်းပဲလေ ကုန်ဈေးနူန်းတွေတက်တယ်။ ဝန်ထမ်းတွေလစာမတက်ဘူး။ ဒီကြားထဲ ဟိုသူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ ကြောက်နေရတဲ့ကြားထဲကနေ တာဝန်ထမ်းဆောင်နေရတယ်။ အဲဒီအတွက်ဘာပြန်ရလဲ။ မေးမယ်ဆိုရင် မေးစရာတွေအများကြပဲပေါ့။ သူ့မှာလည်းပြောစရာရှိသလို ငါတို့မှာလည်းပြောစရာရှိတာပဲ။

DW ။ ဟုတ်ကဲ့။ တကယ်လို့ ကျူရှင်နဲ့ပတ်သက်ပြီး အရေးယူတာတွေရှိလာမယ်ဆိုရင် အဲဒီအပေါ်ရော ဘာပြောချင်တာရှိလဲ။

ဖြေ ။
အရေးယူတယ်ဆိုတာက အမျိူးမျိုးရှိတယ်။ ဘယ်လိုအရေးယူမှာလဲ ထုတ်ပယ်မှာလား။ ရတယ်။ ထုတ်ရင်ထုတ်ပေါ့။ ကျူရှင်သင်တယ်ဆိုတာ သင်ရတဲ့အခြေအနေဖြစ်နေလို့ သင်နေရတာ။ လူတွေက ဆရာမတွေကျူရှင်သင်တာကိုပဲ ထစ်ခနဲဆို အပြစ်တင်ချင်နေကြတာ။ ဆရာဝန်တွေ အပြင်ဆေးခန်းထိုင်တယ်။ ဘယ်သူအပြစ်ပြောကြလို့လဲ။ သူ့ပညာနဲ့သူလေ။ ဟုတ်ပြီ။ ဒါဆို ကျူရှင်မသင်ရအောင် လောက်လောက်ငှငှ ပေးပါလားဆိုတော့ မပေးဘူး။ သင်ရင်တော့ အပြစ်တင်တယ်။ လောက်ငှအောင်ပေးထားရင် ဘယ်ဆရာမမှ ကျူရှင်မသင်ဘူး။ ကျူရှင်သင်ရတာ အာပေါက်မတတ် ပင်ပန်းတောင် သက်သာသေးတယ်။

DW ။ ကျောင်းသားမိဘတွေက ကျူရှင်ခ ဈေးကြီးတယ်လို့ပြောနေကြတယ်။ အဲဒီအပေါ်ရော။

ဖြေ ။
သူ့ခေတ်နဲ့ သူ့အခါရပဲ။ ဈေးကြီးတယ်ဆိုတာမရှိဘူး။ ရွှေဆိုင်မှာ ရွှေသွားဝယ်ကြည့် အရင်က‌ဈေးနဲ့ရသေးလားလို့။ ကျူရှင်လည်းဒီအတိုင်းပဲ‌လေ။ ကလေးတွေကို စာသင်ရတာ လွယ်တယ်ထင်ရင် ကိုယ်တိုင်လာသင်ကြည့်ပါလို့ပဲ ပြောချင်တယ်။

DW ။ ပြီးတော့ ကျူရှင်ထားဖို့ ဖိအားပေးတာတွေရှိတယ်လို့လည်း ပြောကြတာရှိတယ်….။ (စကားမဆုံးခင်)

ဖြေ ။ အဲဒါကတော့ အပိုပြောတာတွေဖြစ်သွားပြီ။ ဘယ်သူ့ကိုမှ ကျူရှင်လာနေပါလို့ ခေါ်ထားတာမရှိဘူး။ သူတို့ဘာသာကျေနပ်လို့ အပ်ထားတာပဲရှိတယ်။ နောက်ကွယ်ကြရင် တစ်မျိူးပြောနေတာတော့ အဲဒါတော့မသိဘူး။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ။
ကိုယ်ပေးထားရတာနဲ့ မတန်ဘူးထင်ရင် နောက်ကွယ်မှာမပြောပဲနဲ့ ကိုယ်သားသမီးကိုယ် ကြိုက်တဲ့အချိန် လာဆွဲခေါ်သွားလို့ရတယ်။ ဘယ်သူ့ကမှ အတင်းခေါ်ပြီး သင်ပေးနေတာမဟုတ်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။