ပညာရေး ဈေးကြီးတယ်

0
1804

နှစ်ပေါင်း ၃၅ နှစ်အကြာ မြန်မာနိုင်ငံသားတွေ တစ်ကျော့ပြန်ကြုံတွေ့နေရတာက ငွေရှိမှ စာတတ်မယ့် အခြေအနေပင်။

၁၉၈၈ ခုနှစ်ဝန်းကျင်က ပြည်သူတွေကြုံတွေခဲ့ရတဲ့ ငွေလမ်းခင်းလျှောက်ရတဲ့ ပညာရေးစနစ်ကို အခုပြန်လည် ကြုံတွေ့နေကြရပေပြီ။

တိုင်းပြည်မှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ပြည်သူတွေအခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေရပါတယ်။

ဒီလိုအခြေအနေကြားမှာ ကလေးတွေပညာသင်ကြားဖို့က ပိုမိုခက်ခဲလာနေပါတယ်။

‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလို ကလေးတွေပညာသင်ကြားရေး ပိုမိုခက်ခဲလာစေတာကတော့ ပညာရေးအတွက် ငွေလမ်းခင်းလျှောက်ကြရမယ့် အခြေအနေ ဖြစ်လာတာပါ။

အခမဲ့ပညာရေးလို့ဆိုထားတဲ့ အခြေခံပညာကျောင်းတွေမှာ ဘယ်ကလာပြီး ပညာရေးကုန်ကျစရိတ် ရှိမှာလဲလို့မေးလာရင် “ကျူရှင်” ကစပြီးပြောရပါလိမ့်မယ်။

ဝန်ပိုလာတဲ့ ကျူရှင်စရိတ်

အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းနဲ့အတူ အပြိုင်မြင့်တက်လာတဲ့အထဲ ကျူရှင်ခလည်း ပါဝင်ပါတယ်။

“ကျောင်းသွားအပ်တာနဲ့ အတန်းပိုင်ဆရာမလားမသိဘူး။ ကျူရှင်တစ်ခါတည်း မအပ်ဘူးလားလို့ မေးတယ်။ မအပ်သေးဘူးပြောတော့ မျက်နှာက စူပုပ်သွားရော” လို့ ထားဝယ်မြိုပေါ်က မူလွန်ကျောင်းတစ်ကျောင်းမှာ ကျောင်းသွားအပ်တဲ့ အုပ်ထိန်းသူတစ်ယောက်ကဆိုပါတယ်။

ထားဝယ်မြို့က ကျောင်းသားမိဘတွေရဲ့အဆိုအရ မူလတန်းကျောင်းသားတစ်ယောက်ရဲ့ကျူရှင်ဖိုးကုန်ကျစရိတ်က အနိမ့်ဆုံး တစ်လ ၂၅၀၀၀ ကျပ်ရှိတယ်လို့ ဆိုပါတယ်။

တချို့ကျူရှင်တွေဟာ မူလတန်းကျောင်းသားတစ်ဦးကို ၄၀၀၀၀ ကျပ်အထိယူလေ့ရှိပြီး ဂိုက်ပါထပ်ပေါင်းသင်မယ်ဆို တစ်လ ၈၀၀၀၀ ကျပ်အထိ ပေးရလေ့ရှိတယ်လို့ ဆိုပါတယ်။

“ကျူရှင်ဈေးကတော့ အစားစားရှိတယ်။ ဆရာမအပေါ်မူတည်တာပေါ့နော်။ ကျောင်းက ဆရာမဆီမှာထားရင် ဈေးကြီးတယ်။ အပြင်မှာဆိုရင် ဈေးသက်သာတယ်” လို့ ထားဝယ်မြို့ခံ မူလတန်းကျောင်းသားမိဘ ဒေါ်မေဦးကဆိုပါတယ်။

အလယ်တန်းနဲ့အထက်တန်းဆိုရင် ကျူရှင်လခဖိုးတစ်ခုတည်း ကျပ်သိန်းဂဏန်းအထိရှိတယ်လို့ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

အာဏာမသိမ်ခင်ကတည်းက ပညာရေးလောကမှာ အမြစ်တွယ်နေတဲ့ ကျူရှင်ဟာ အာဏာသိမ်းကာလအတွင်းမှာတော့ ကျောင်းသားမိဘတွေအတွက် ဝန်ပိုပိလာစေတယ်လို့ မိဘတွေကဆိုပါတယ်။

တနင်္သာရီတိုင်းပညာရေးမှုးရုံးက တာဝန်ရှိသူတစ်ဦးကတော့ ဆရာ ဆရာမတွေကို ကျူရှင်သင်ကြားခွင့်မပြုထားသလို တိုင်ကြားတာတွေရှိလာရင် အရေးယူခံရမယ်လို့ဆိုပါတယ်။

ဆရာ၊ ဆရာမတွေကို ကျူရှင်မသင်ဘူးဆိုတဲ့ ခံဝန်ကတိလည်းထိုးခိုင်းမှာဖြစ်တယ်လို့ တာဝန်ရှိသူကဆိုပါတယ်။

“ဒါမသင်ရဘူး။ မပြုရဘူးလို့ တားမြစ်ချက်တွေ ထုတ်ထားပြီးသားဖြစ်တယ်။ ဒါတွေက ခွင့်မှမပြုတာ။ ပြဿနာတွေဖြစ်လာရင်တော့ အရေးယူခံရတော့မှာ” လို့ တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူကဆိုပါတယ်။

လက်ရှိရေးဆွဲထားတဲ့ သင်ကြားရေးစနစ်အရလည်း ကျောင်းသား‌တွေအနေနဲ့ ကျူရှင်သင်စရာမလိုဘူးလို့ ဆိုပါတယ်။

လက်တွေ့မှာတော့ ဆရာမတစ်ယောက်ရဲ့ အဓိကဝင်ငွေက ကျူရှင်ဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာဖိုး၊ ကျူရှင်လခတွေပါပေါင်းရင် ကျောင်းသားတစ်ဦးရဲ့ တစ်လကုန်ကျစရိတ်ဟာ ကျပ်သိန်းဆယ်ချီကုန်ကျလေ့တယ်လို့ ဒေါ်မေဦးကပြောပြပါတယ်။

“မိဘတွေကတော့ ဒီလိုပဲ အဆင်ပြေသလိုစားပြီး ကလေးတွေကိုပဲ ကျောင်းထားနိုင်‌အောင် ရုန်းကန်နေရတယ်” လို့ဒေါ်မေဦးကဆိုပါတယ်။

မြို့ပေါ်တက် ကျောင်းထားရတဲ့ စရိတ်

ဒေါ်မေဦးတို့လို မြို့ပေါ်နေ ကျောင်းသားမိဘတွေထက် ပညာသင်စရိတ်ပိုကုန်ကျများတဲ့သူတွေက နယ်ကနေ မြို့မှာ ကျောင်းလာထားတဲ့သူတွေပါ။

နယ်မိဘတွေအတွက် စာရေးကိရိယာစရိတ်၊ ကျူရှင်စရိတ်တွေအပြင် အဆောင်ငှားရမ်းခ၊ ထမင်းစရိတ်၊ ကျောင်းသားတွေကို ကြိုပို့လုပ်ပေးဖို့ ခရီးစရိတ်တွေပါ ထပ်တိုးလာပါတယ်။

တိုက်ပွဲတွေ၊ ပဋိပက္ခဖြစ်ပွားမှုများတဲ့ တနင်္သာရီတိုင်းထဲက ကျေးရွာတွေမှာ စာသင်ကျောင်းတွေ မဖွင့်နိုင်လို့ အချို့ကျောင်းသားမိဘတွေဟာ မြို့ပေါ်က စာသင်ကျောင်းတွေကို‌ ရွှေ့ပြောင်းလာကြပါတယ်။

ဒါကြောင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းလိုမျိုး မြို့ကြီးတွေက စာသင်ကျောင်းတွေ၊ ကိုယ်ပိုင်းကျောင်းတွေမှာ ကျောင်းသားဦးရေ အလွန်များပြားနေကြပါတယ်။

တနင်္သာရီတိုင်း ပညားရေးမှူးရုံးတာဝန်ရှိသူရဲ့ အဆိုအရ တိုင်းထဲက မြို့နယ်ဆယ်မြို့နယ်ထဲက မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေလောက်ပဲ ရာနှုန်းပြည့်ကျောင်းဖွင့်နိုင်ပြီး ကျန် ၆ မြို့နယ်မှာ ကျောင်းတွေရာနှုန်းပြည့် ပြန်မဖွင့်နိုင်သေးဘူးလို့ဆိုပါတယ်။

‌အဲဒီအထဲမှာ လောင်းလုံးမြို့နယ်ကတော့ မဖွင့်နိုင်တဲ့ကျောင်းအများဆုံးလို့ ဆိုပါတယ်။ ကျောင်းမဖွင့်နိုင်တဲ့ မြို့နယ်တွေက ကျောင်းသားတချို့ဟာ မြို့ကြီးတွေပေါ်‌မှာ ကျောင်းလာထားကြတာတွေ ဒီနှစ်ထဲပိုများလာခဲ့ပါတယ်။

တချို့တွေက အခန်းငှား၊ လုံးချင်အိမ်ငှားပြီး ကျောင်းတက်ကြသလို တချို့ကတော့ ခင်ရာမင်ရာဆွေမျိုးအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာနေပြီး ကျောင်းတက်နေကြတာလည်းရှိပါတယ်။

အဲဒီအထဲမှာ ထားဝယ်မြို့နယ် ‌အရှေ့တောဒေသ ဒေါ်မိသက်လည်းတစ်ဦးအပါအဝင်ပါ။

ဒေါ်မိသက်က သူ့ရဲ့သားသမီးတွေအပါအဝင် ဆွေမျိုးတွေရဲ့ သားသမီးတွေပါ ငါးဦးလောက်စုပြီး ထားဝယ်မြို့မှာ အဆောင်တစ်ခုငှားနေတာပါ။ အဲဒီအဆောင်ကနေ ကလေးတွေကို ကျောင်းတက်ခိုင်းထားပါတယ်။

အဆောင်ငှားခ တစ်လချင်းဆို ၁၁၀၀၀၀ ကျပ်ကျသင့်ပြီး နှစ်ချုပ်ဆိုရင် တစ်လကို တစ်သောင်းကျပ်သက်သာလို့ ၁၂ သိန်းနဲ့ နှစ်ချုပ်ငှားနေတာလို့ဆိုပါတယ်။

မူလတန်းကလေးငါးဦးကို ကျောင်းကြိုပို့ဖို့အတွက်ကတော့ သုံးဘီးတစ်စီးကို တစ်နေ့ ကျပ်နှစ်ထောင်နဲ့ငှားထားပါတယ်။ တစ်လဆိုရင် လေးသောင်း၊ တစ်နှစ် လေးသိန်းကျပ်ဝန်းကျင် ကုန်ကျမှာပါ။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်းဖြစ်သူက ငွေပုံမှန်ပို့ပေးနေလို့သာ ကလေးတွေကို ကျောင်းထားနိုင်တာလို့ ဒေါ်မိသက်ပြောပါတယ်။

“ဒီမှာနေတာက တစ်လဆို ငါးသိန်းလောက်ကတော့ အသာလေးပဲ။ ရသမျှပိုက်ဆံအကုန်လုံးလောက်ပဲရှိမယ်။ ဒီထဲ (ပညာသင်စရိတ်ထဲ) ရောက်နေတာ။ အိုစာမန်းစာတောင် မစုနိုင်တော့ဘူး” လို့ ဒေါ်မိသက်ကဆိုပါတယ်။

(အိုစာမန်းစာဆိုတဲ့ ထားဝယ်ဒေသိယစကားရဲ့ အဓိပ္ပါယ်က အရွယ်အိုလာရင် သုံးပြုမယ့်ငွေကြေး ကြိုတင်စုဆောင်းတာကိုဆိုလိုရင်းဖြစ်သည်။)

ပုဂ္ဂလိကကျောင်း

တချို့မိဘတွေကတော့ အခြေခံပညာကျောင်းအစား ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို ရွေးချယ်ကြပါတယ်။

ကျောင်းတွေထဲမှာတော့ ကိုယ်ပိုင်ကျောင်းတွေက ဈေးအကြီးဆုံးပါ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ထားကြတာများပါတယ်။

ကိုယ်ပိုင်ကျောင်းစရိတ်ကတော့ ကျောင်းဝင်ကြေး ကျပ်သုံးသိန်းဝန်းကျင်၊ တစ်နှစ်ကျောင်းစရိတ် ဆယ်သိန်းကျပ်ဝန်းကျင်၊ ကျောင်းကြိုပို့ဖို့အတွက်တစ်နှစ် ငါးသိန်းကျပ်ဝန်းကျင် ကုန်ကျပါတယ်။

အဆောင်နေမယ်ဆိုရင် တစ်နှစ် ၂၅ သိန်းကျပ်ဝန်းကျင် ကုန်ကျပါတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း ဈေးနှုန်းအနည်းငယ်ကွာဟနိုင်ပါတယ်။

အဲဒီဝန်ဆောင်မှုအားလုံးကို ယူမယ်ဆိုရင် ကျောင်းသားတစ်ဦးရဲ့ တစ်နှစ်ကုန်ကျစရိတ်က ကျပ်သိန်း ၅၀ ဝန်းကျင်လောက်ရှိမှာပါ။

ဒါပေမဲ့ ကျောင်းသားမိဘအနေနဲ့ ဝန်ဆောင်မှုအားလုံးကို မယူလည်းရပါတယ်။ ကျောင်းလခပဲပေးပြီး တက်ခိုင်းမယ်ဆိုလည်းရပါတယ်။

မနှစ်ကဆိုရင် ကိုယ်ပိုင်ကျောင်း တက်တဲ့သူတွေနည်းပါးပါတယ်။ ဒီနှစ်ကတော့ သတ်မှတ်ဦးရေ ကျော်လွန်တဲ့အထိ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့သူတွေ များပြားခဲ့ပါတယ်။

“ကိုယ်ပိုင်ကျောင်းက ဈေးကြီးတာတော့မှန်တယ်။ ဒါပေမဲ့ စကစ (စစ်ကောင်စီ) ကျောင်းထက်ပိုပြီး လုံခြုံတယ်လို့မြင်တယ်။ အဲဒါကြောင့် ပိုက်ဆံကိုကြည့်မနေတော့ဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ကိုယ်ပိုင်ကျောင်းထားဖြစ်တာ” လို့ ထားဝယ်မြို့ခံ ဒေါ်လဲ့လဲ့ကဆိုပါတယ်။

ထားဝယ်မြို့က ကိုယ်ပိုင်ကျောင်းတာဝန်ရှိသူတစ်ဦးကတော့ အာဏာမသိမ်းခင်က ကျောင်းစရိတ်နဲ့ လက်ရှိကျောင်းစရိတ် ကြီးကြီးမားမား ကွာခြားသွားတာမျိုး မရှိဘူးလို့ဆိုပါတယ်။

အာဏာမသိမ်းခင်ကလည်း ကိုယ်ပိုင်ကျောင်းမှာ ကျောင်းသားတစ်ဦးကို ကျပ်တစ်သိန်းနီးပါးပဲ ကောက်ခံခဲ့သလို အာဏာသိမ်းပြီး လက်ရှိမှာတော့ တစ်သိန်းကျော်သာ ကောက်ခံတယ်လို့ဆိုပါတယ်။

“အဓိက နေစားစရိတ်မှာကွာသွားတာ။ လက်ရှိကုန်ဈေးနူန်းကြောင့်လည်း ဒီလိုနေစားစရိတ်က လိုက်တက်မှကို ရမှာ။ ကျောင်းစရိတ်တက်တယ်ဆိုတာကလည်း တစ်ဖက်မှာကျတော့ ကျွန်တော်တို့ လစာတွေ တိုးပေးထားရတာတွေရှိတယ်” လို့ အဲဒီကိုယ်ပိုင်ကျောင်း တာဝန်ရှိသူကဆိုပါတယ်။

တစ်ဖက်မှာတော့ ပညာသင်စရိတ်တွေ မြင့်တက်လာတာကြောင့် အချို့ကျောင်းသားမိဘတွေ သူတို့ရဲ့သားသမီးတွေကို ကျောင်းထုတ်လိုက်တာတွေလည်း ရှိလာပါတယ်။

ကျောင်းထွက်သူများလာ

မိသားစု စားဝတ်နေရေး ကျပ်တည်းလာချိန်မှာ ကျောင်းစရိတ်ကြီးလာတဲ့အတွက် ကလေးများတဲ့ မိသားစုတွေမှာ အကုန်လုံးကို ကျောင်းမထားနိုင်တော့ပါဘူး။

တစ်ဦးကိုပဲကျောင်းထားပြီး ကျန်သူတွေကိုတော့ အိမ်မှာ ဒီအတိုင်းနေခိုင်းတာတွေ၊ အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် လုပ်ငန်းခွင်ထဲ သွင်းလိုက်တာမျိုးတွေ ရှိလာပါတယ်။

“ကျွန်မက သားသမီးသုံးယောက်စလုံးကို ကျောင်းထားချင်တယ်။ ဒါပေမဲ့ သုံးယောက်အတွက်‌ဆိုရင် သိန်းငါးဆယ်လောက် အနည်းဆုံးလိုနေပြီ။ အဲဒီလောက်အထိဆို ကျွန်မမတတ်နိုင်ဘူး” ဟု လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာက ဒေါ်မိစုက ဆိုပါတယ်။

တစ်နေ့လုပ်တစ်နေစားဖြစ်တဲ့ ဒေါ်မိစုမှာ အထက်တန်းကျောင်းသားအရွယ်တစ်ဦး၊ အလယ်တန်းအရွယ်တစ်ဦးနဲ့ မူလတန်းအရွယ်တစ်ဦးရှိပါတယ်။

အထက်တန်းကျောင်းသားအရွယ် လူပျိုပေါက်တစ်ဦးကိုတော့ ကျောင်းဆက်မထားဖို့ အပြီးအပိုင်ဆုံးဖြတ်ပြီး လုပ်ငန်းခွင်ဝင်ခိုင်းထားပါတယ်။

“သူက လူပျိုပေါက်ဖြစ်နေပြီဆိုတော့ အလုပ်လုပ်ရနေပြီလေ။ သားအမိသားအဖသုံးယောက် အလုပ်လုပ်ရင် ပိုအဆင်ပြေတယ်” လို့ ဒေါ်မိစုကဆိုပါတယ်။

အလယ်တန်းကျောင်းသူအရွယ်ကိုတော့ မိဘတွေ အလုပ်သွားချိန် အိမ်အလုပ်တွေလုပ်ခိုင်းထားပြီး အငယ်ဆုံးတစ်ယောက်ကိုတော့ တစ်လ ငါးထောင်ကျပ်နဲ့ ရွာက ကျူရှင်ဆရာမဆီမှာ စာသင်ခိုင်းထားပါတယ်။

“ကျောင်းထားဖို့က ကိုယ့်ရွာမှာကိုယ်ဆိုတော်သေးတယ်။ ကျွန်မတို့က ဆွေမရှိ၊ မျိုးမရှိဘဲနဲ့ မြို့မှာဘယ်လိုသွားထားမှာလဲရှင်” လို့ ဒေါ်မိစုကဆိုပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာ၊ ကျေးလက်ဒေသခံတွေအနေနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ရော်ဘာ၊ ကွမ်းခြံစတဲ့ ဥယျာဉ်တွေထဲ မသွားနိုင်တော့တာတွေကြောင့် ဝင်ငွေကျဆင်းတာတွေရှိနေတဲ့အချိန် တစ်ဖက်မှာ ကျောင်းစရိတ်တွေမြင့်တက်လာတာကြောင့် ကျောင်းမနေနိုင်တဲ့သူတွေ များလာစေတာဖြစ်တယ်လို့ ‌ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်မှုရှိတဲ့ ထားဝယ်မြို့ခံတစ်ဦးကဆိုပါတယ်။

“ကုန်ဈေးနူန်းတွေက တောက်‌လျှောက်တက်နေပေမယ့် ဝင်ငွေကတော့ တိုးလာတာမရှိဘူး။ ဝန်ထမ်းတွေဆိုလည်း လစာတိုးတာလည်းမရှိဘူး။ ဒါပေမဲ့ ဒီဖက်က ပညာသင်ကြားရေးစရိတ်တွေမှာကျတော့ အဆမတန်ကြီးလာတာဆိုတော့ ပညာရေးက အခြေခံလူတန်းစားတွေအတွက် လက်လှမ်းကွာလာတယ်လို့ပဲ သုံးသပ်ချင်တယ်” သူက ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ် စတာတွေ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဟာ ပညာရေးဖြစ်တာကြောင့် ကလေးတွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ပါစေ ငွေကုန်ကြေးကျနည်းနည်းနဲ့ ပညာသင်ခွင့်ရဖို့ အရေးကြီးတယ်လို့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်နေတဲ့ လူငယ်တစ်ဦးကဆိုပါတယ်။

“လူငယ်တွေ ပညာတတ်ဖို့အရေးကြီးတယ်။ ပညာမတတ်တဲ့သူတွေပေါလေလေ အာဏာရှင်တွေက ကြိုက်လေလေပဲ။ ပညာတတ်တဲ့သူတွေပေါမှ အနာဂါတ်မှာ အာဏာရှင်တွေအုပ်ချုပ်လို့မရမှာ” လို့ အဲဒီလူငယ်ကဆိုပါတယ်။

လက်တွေ့မှာတော့ အရင်လိုကလေးတွေအားလုံး လွတ်လွတ်လပ်လပ် ပညာသင်ခွင့်ရဖို့ အခြေအနေမပေးသေးပါဘူး။

စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေ၊ တိုက်ပွဲတွေကြားက ပြေးလွှားပုန်းရှောင်နေရတဲ့သူတွေ၊ စီးပွားရေးကျပ်တည်းလို့ ကျောင်းမထားနိုင်တာတွေ ဆက်ရှိနေအုံးမှာပါ။

“ကျွန်မတို့လည်း ၈၈ ခုနှစ်က ဒီလိုပဲကြုံခဲ့ရတယ်။ ပိုက်ဆံရှိမှ ကျောင်းမှာ မျက်နှာပန်းပွင့်တဲ့ ခေတ်တုန်းကပေါ့။ ဗိုလ်ကြီးတွေ၊ အရာရှိကြီးတွေ ကြားမှာတော်တော်လေးကို မျက်နှာငယ်ခဲ့ရတာ။ အခုလည်း ကျွန်မတို့ ခေတ်တုန်းကလိုပဲ ငွေရှိမှ ကျောင်းထားနိုင်တဲ့အခြေအနေဖြစ်နေပြီ။ အဲဒီလိုမျိုးသာဆိုရင် ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေရဲ့ကလေးတွေက အရွယ်မတိုင်ခင်လမ်းဘေးကို ရောက်ကုန်ကြတော့မှာ” လို့ ဒေါ်မေဦးက ဆိုပါတယ်။