ပလတွင် လယ်သမားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးနိုင်ဟုဆို

0
2196

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် လယ်ထဲဆင်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။

ပလမြို့၊အမှတ် ၄ ရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်လင်းအောင်ဆိုသူမှာ ဇွန်လ ၁၁ ရက်နေ့လယ်ပိုင်းက လယ်ထဲဆင်းရာတွင် မိုင်းနင်းမိခဲ့ပြီး မြိတ်မြို့ဆေးရုံတွင် ကုသမှုခံနေရသည်ဟု ဒေသခံများ ကပြောသည်။

“နေ့လယ် ၂ နာရီလောက်က လယ်ထဲအသွား မိုင်းနင်းမိတာ၊ ခြေတစ်ဖက်ဖြတ်ရမယ်လို့ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဒေသခံများ ပိုင်ဆိုင်သည့်လယ်များသည် ပလရဲစခန်းအနောက်ဘက်တွင်ရှိပြီး အချို့လယ်ကွင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် မိုင်းများရှိနေသည်ဟု ဒေသခံများ ကဆိုသည်။

“လူတွေက ဒီနှစ်လယ်လုပ်ဖို့ တွန့်ဆုတ်နေတာ။ ခုလိုမျိုးမိုင်းထိတယ်ဆိုတော့ တချို့လယ်ထဲဆင်းရဲကြတော့မယ် မထင်ဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

ပလရဲစခန်းအနောက်ဖက်ရှိလယ်ကွင်း တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသည် ဆိုသည့်သတင်းများထွက်ပေါ်မှုကြောင့် လယ်သမားအများစုမှာ ယခုနှစ်မိုးရာသီတွင် လယ်လုပ်ရန် ကြောက်လန့်နေကြသည်ဟု ဒေသခံများကဆိုသည်။

ယခုနှစ်တွင် လယ်သမားများ လယ်ပြန်လုပ်ကြရန် ပလအုပ်ချုပ်ရေးမှူး ဦးကြင်ရှိန် ကပြီးခဲ့သည့်အပတ်က လယ်သမားများကို အစည်းအဝေးခေါ်ကာ ဖိအားပေးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

“ဒီနှစ်မဖြစ်မနေ လယ်ပြန်လုပ်ကြဖို့ပြောတယ်။ တစ်ဧကကို စပါးတစ်တင်းပေးရမယ်ဆိုပြီးလည်း ပြောသေးတယ်”ဟု ဒေသခံလယ်သမား ကပြောသည်။

ပလမြို့ရဲစခန်းအနောက်ဖက်နှင့် နတ်အိမ်ကွင်းပေါင်းလျှင် လယ်ဧက တစ်ထောင်ဝန်းကျင်ရှိပြီး စပါးအထွက်ကောင်းသည့် နေရာဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။

“စိတ်ချလက်ချ လယ်လုပ်နိုင်အောင် မိုင်းတွေရှင်းပေးဖို့လိုတာပေါ့။ ဒါမှလူတွေက လယ်ထဲဆင်းရဲကြမှာ။ လုံခြုံရေးအတွက် စခန်းအနီးကလယ်တွေကိုတော့ ဒီအတိုင်း ထားချင်ထားပေါ့”ဟု ဒေသခံလယ်သမား ကပြောသည်။

ပလမြို့ရဲစခန်းကို ပြီးခဲ့သည့် မေလ ၄ ရက်က ပြည်သူ့ကာကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံလည်း ထိခိုက်ပျက်စီးသွားသည်။