တနင်္သာရီ၊ ညောင်ပင်ကွင်းရွာတွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

0
2287
ဓာတ်ပုံ - ဗြဟ္မစိုရ် သွေးနှင့်ကျန်းမာရေးအကောက်အကူပြုအသင်း

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အနောက်ညောင်ပင်ကွင်း ကျေးရွာတွင် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။

မတ်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က အနောက်ညောင်ပင်ကွင်းရွာရှိ ခမရ-၅၆၁ တပ်ရင်းအနီး သီဟိုဠ်ခြံအတွင်း သီဟိုဠ်စေ့ ဝင်ကောက်ချိန် မိုင်းနင်းမိပြီး အသက် ၅၀ အရွယ်အမျိုးသမီး တစ်ဦးခြေတောက်တွင် အပြင်းအထန် ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“တပ်ရင်းတစ်ရင်းလုံး ပတ်ပတ်လည်မှာမိုင်းထောင်ထားတာပါ။ ထိတာလည်း သူတို့တပ်ထဲက အမျိုးသမီးလို့သိရတယ်။ နာမည်တော့ သေချာမသိရသေးဘူး”ဟု ဟု ညောင်ပင်ကွင်းရွာနေ ဒေသခံအမျိုးသမီးက ပြောသည်။

မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ပြတ်လုနီးပါးဒဏ်ရာရရှိသွားသည်ဟု ကြားရပြီး လက်ရှိတွင် မြိတ်စစ်ဆေးရုံသို့ တက်ရောက်ကုသနေကြောင်း ဒေသခံနောက်တစ်ဦး ကပြောသည်။

ညောင်ပင်ကွင်းကျေးရွာရှိ ခမရ-၅၆၁တပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ အကြာတိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ၂ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၂ ကသတင်းထုတ်ပြန်ထားသည်။