မြိတ်တွင် ကားနှစ်စီးတိုက်မိပြီး တိမ်းမှောက် ခရီးသည်အချို့ဒဏ်ရာရ

0
2295

မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု ပြည်ထောင်စုလမ်းပေါ်တွင် ကားနှစ်စီးတိုက်မိပြီး တစ်စီးတိမ်းမှောက်ကာ ခရီးသည်အချို့ ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့(မတ် ၁၅) ညနေ ၄ နာရီခန့်က ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ၊ ရွှေရင်းတောင်ဘုရားအနီးတွင် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့်ကားနှင့် မောတောင်မှ မြိတ်သို့လာသည့်ကား တိုက်မိပြီး မြိတ်မှလာသည့်ကား တိမ်းမှောက်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“ကားက သုံးလေးပတ်လိမ့်ပြီး မြောင်းထဲကျသွားတယ်၊ဘုန်းကြီး ၂ ပါးနဲ့လူ ၂ ဦး ဒဏ်ရာရသွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

တိမ်းမှောက်ခဲ့သည့်ကားတွင် ဒရိုင်ဘာနှင့် သံဃာတော် ၂ ပါးအပါအဝင် လေးဦး လိုက်ပါလာပြီး မောတောင်မှဆင်းလာသည့် ကားတွင်မူ ဒရိုင်ဘာ ၁ ဦးသာပါပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့ကဆိုသည်။

“ကားခေါင်းတော့ ပျက်စီးသွားတယ်။ လူကတော့ နဲနဲပါးပါး ဒဏ်ရာရတာလောက်ပဲ စိုးရိမ်စရာတော့မရှိပါဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

ပသောင်းရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မတ်လ ၁၃ ရက်ညကလည်း လမ်းပေါ်ရှိ နွားအား ရှောင်လိုက်သည့်အတွက် ဆိုင်ကယ်ဘေးတွဲ တိမ်းမှောက်ကာ ဘေးတွဲမောင်းသည့် အမျိုးသား သေဆုံးခဲ့ရသည်။