လယ်ယာမြေကို အိမ်ရာ‌မြေကွက် မရိုက်ရန် တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများရှိနေဆဲ

0
2263

မြိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေတို့ကို အိမ်ရာ‌မြေကွက်များရိုက်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့မှ သိရသည်။

လယ်ယာမြေတို့ကို အခြားနည်း အသုံးပြုခွင့်မရှိဘဲ အိမ်ရာမြေကွက်များရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်နှင့် အဆောက်အအုံဆောက်လုပ်ခြင်း မပြုလုပ်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတိပေးထားမြစ်ထားသည်။

ယင်းသတိပေးတားမြစ်ချက်အား ဗီနိုင်းပြားတို့ဖြင့် ရပ်ကွက်အချို့တို့တွင် ပြီးခဲ့သည့် မေလကုန်ခန့်မှစပြီး လိုက်လံ စိုက်ထူထားကြောင်း မြို့ခံအချို့က ဆိုသည်။

“လယ်ယာမြေတွေကို အိမ်ရာကွက်တွေ မဖော်ရဘူးဆိုပြီး တားမြစ်ထားတာ တွေ့မိတယ်” ဟု ရှမ်းချောင်းကြီးရွာနေသူ တစ်ဦးက ပြောသည်။

သို့သော် မြေပြင်တွင် လက်ရှိအချိန်အထိ အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

“ချောင်းကူးငယ်ဘက်မှာဆို အခုထိရောင်းနေကြတုန်းပဲ။ လူတွေလည်းဝယ်ပြီး အိမ်ဆောက်နေကြတာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ” ဟု ယင်းရွာနေသူတစ်ဦးက ပြောသည်။

မြို့အပြင်ဘက်ကျသည့် ကလွင်၊ တောင်းပြို၊ ချောင်းကူးငယ်၊ ရွှေပေး၊ စန္ဒဝတ်၊ ရွာသစ်၊ ရှမ်းချောင်းကြီး၊ မွေးမြူရေးဇုန် စသည့်ရွာတို့တွင် အိမ်ရာကွက်များ ဖော်ထုတ်ရောင်းချခြင်းဖြစ်သည်။

ငွေကြေးတတ်နိုင်သူအချို့တို့သည် လယ်ယာ၊ ဓနိမြေတို့အား ဧကဖြတ်နှုန်း (တစ်ဧကလျှင် သိန်း ၁၅၀၊ သိန်း ၃၀၀ စသဖြင့်) ဖြင့် ဝယ်ယူပြီး အလျားပေ ၅၀၊ အနံ‌ပေ ၃၀ ရှိ အိမ်ရာမြေကွက်များ ဖော်ထုတ်ကာ ပြန်လည်ရောင်းချ နေကြခြင်းဖြစ်ကြောင်း ယင်းအိမ်ရာ‌မြေဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

ယင်းအကွက်ဖော်ရောင်းချသူတို့အနက် အများစုသည် လယ်ယာမြေတို့အား အခြားနည်းအသုံးပြုခွင့် မရှိခြင်း၊ လျှောက်ထားဆဲဖြစ်ခြင်းတို့သာ ရှိကြသေးကြောင်း စုံစမ်းသိရသည်။

လယ်ယာမြေတွင် လယ်၊ ယာ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်၊ ဓနိတောမြေများ ပါဝင်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သတိပေးတားမြစ်ချက်တွင် ဖော်ပြထားသည်။

“ရွှေပေးဘက်က ပုဇွန်ကန်လမ်းမှာဆိုရင် လယ်ယာကွက်တွေကို အကွက်ဖော်ရောင်းကြတာ။ အခုတလောက ဖြိုခံရတဲ့ အိမ်တွေရှိတယ်” ဟု ရွှေပေးရွာနေသူတစ်ဦးက ပြောသည်။

အဆိုပါ ‌ရွှေပေးရွာ ပုဇွန်ကန်လမ်းရှိ နေအိမ်အချို့တို့အား ပြီးခဲ့သည့် လပိုင်းခန့်က သက်ဆိုင်ရာက အသိပေးပြီးနောက် နေအိမ်တို့အား ဖြိုချခဲ့ခြင်း၊ အိမ်ရာကွက်တို့အား ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည်။

“စစ်တပ်က ကားတွေနဲ့ ဆင်းလာကြတာမျိုးကြားမိတယ်။ ကျန်တဲ့နေအိမ်တွေလည်း ဖြိုပေးရမယ်လို့ သတိပေးထားတာတဲ့” ဟု အထက်ပါ ရွှေပေးရွာနေသူက ပြောဆိုသည်။

သတိပေးတားမြစ်ချက်အား လိုက်နာခြင်းမရှိပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေတို့အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း သတိပေးတားမြစ်ချက်တွင် ဖော်ပြသည်။  

၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) တွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခွင့် မပြုရဟု ဖော်ပြထားသည်။

အဆိုပါ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်တို့အား လိုက်နာရန်ပျက်ကွက်ပါက ပုဒ်မ ၁၉ အရ သတ်မှတ်ဒဏ်ကြေး ပေးဆောင်ခြင်း၊ နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ တို့အား ဖယ်ရှားခြင်း စသဖြင့် အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ယင်းပြစ်ဒဏ်ကို လိုက်နာရန်ပျက်ကွက်ပါက အနည်းဆုံး ခြောက်လမှ အများဆုံး ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း ဖော်ပြသည်။ 

NLD အစိုးရလက်ထက်ကလည်း မြေကွက်ဖေါ်ရောင်းချသူတို့အား သတိပေးခြင်း၊ ခံဝန်လက်မှတ်ရေးထိုးစေခြင်း၊ ဒဏ်ရိုက်ခြင်း စသဖြင့် အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ၆ နှစ် ဝန်းကျင်ခန့်မှစပြီး လယ်ယာမြေတို့အား အိမ်ရာကွက်များအဖြစ် စတင်ဖော်ထုတ်ရောင်းချခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။