ကနက်သီရိကျေးရွာက ဒေသခံလေးဆယ်ကျော်ပြန်လွတ်

0
3012

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၄၀ ကျော်ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ ၈ ရက်နှင့် ၉ ရက်က ကျွဲမင်းကုန်းရွာက ဒေသခံ ၃ ဦးခန့်အပါအဝင် ကနက်သီရိရွာက ဒေသခံ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ယင်းကျေးရွာရှိ ဘုရားကိုးဆူဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

လမ်းတွင်တွေ့သူ ဒေသခံများနှင့် တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေစစ်ဆေးစဉ် ဖမ်းခေါ်ခံရသည့် ဒေသခံများတွင် အသက်လေးနှစ်ကျော်မှ ဆယ်ကျော်သက်အထိ ကလေးများပါဝင်သလို ကလေးမိခင်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသားများပါဝင်သည်ဟု ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀ ခန့်တွင် ကလေးဆယ်ဦးကျော်နှင့် အမျိုးသမီးဆယ်ဦးကျော်ပါဝင်သည်ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများကို ရိုက်နှက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရှိသည်ကို သိလျက်နှင့် ဘုရားပေါ်တက်လာသည့် အမျိုးသားနှစ်ဦးကိုမူ ဖမ်းဆီးကာ ပါးရိုက်၊ထိုးကြိတ်၊ကန်ကျောက်ခဲ့ကြောင်း ပြန်လွတ်လာသူ အမျိုးသားက ပြောသည်။

“ဖမ်းဆီးထိန်းသိမ်းထားတာက သုံးရက်ပေါ့၊ ကလေးတွေကတော့ ကျွန်တော်တို့ထက်စောတယ် ပြန်လွတ်တာ၊ ကျွန်တော်တို့ ပြန်လွတ်လာတာ ရှစ်ယောက်၊ မိန်းခလေးတွေက ဆယ့်နှစ်ယောက် ဆယ့်သုံးယောက်လောက်ရှိမယ်။ ဟိုမှာကျန်ခဲ့တာ သုံးဆယ်လောက်ကျန်ခဲ့တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယနေ့ မနက်ပိုင်းတွင် နောက်ထပ် အယောက် ၂၀ ခန့်ပြန်လွတ်လာသည်ဟုသတင်းရရှိသည်။

ကနက်သီရိကျေးရွာက စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံများကို ဓားစာခံသဘော ဖမ်းဆီးထိန်းသိမ်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ်လို ခြောက်လှန့်ပစ်ခတ်နေသည်ဟု ဒေသခံအချို့ကပြောသည်။

ဇွန်လ ၉ ရက်နေ့ကတည်းက ကနက်သီရိပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိသည်ဟု ဒေသခံအချို့က ဆိုသည်။

ယနေ့နေ့လယ်ပိုင်းတွင် ရငဲရွာဘက်ကို ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတွင် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံသုံးလေးဦးခန့်ရှိသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာမှ ဒေသခံများ မိုးထဲလေထဲ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံအချို့က ပြောသည်။

အချို့မှာ ဘေးကင်းလုံခြုံမည့် နီးစပ်ရာဆွေမျိုးများအိမ်တွင် သွားရောက်တိမ်းရှောင်နေကြပြီး အချို့မှာ တောတောင်ဥယာဉ်ခြံထဲတွင် စစ်ဘေးရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကနက်သီရိကျေးရွာက နေအိမ်နှစ်လုံးနှင့် ပရိုဘောက်ကားတစ်စီးကို မီးရှို့ဖျက်စီးခဲ့ပြီး ယနေ့ (ဇွန် ၁၁) နေ့လယ်ပိုင်းတွင် ရငဲကျေးရွာက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟု ဒေသခံများကပြောသည်။