တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ကနက်သီရိတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထား

0
2685

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း လမ်းတွင် တိုက်ခိုက်ခံရပြီးနောက် ကနက်သီရိကျေးရွာတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

ဝင်းဝနယ်မြေရဲစခန်းဘက်မှ တောင်ကြောလမ်းအတိုင်း လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်က ကမြိုင်ကျေးရွာနှင့် ရငဲရွာကြားတွင် ဇွန်လ ၈ ရက် နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့ကြောင်း ကျားရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၈ ဦးခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

အင်အား ၃ဝခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ပိန္နဲကျောင်းရွာဘက်မှတစ်ဆင့် ကနက်သီရိကျေးရွာသို့ ဇွန်လ ၈ရက်က ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျွဲမင်းကုန်းရွာသား သုံးဦးကိုလည်း ဖမ်းခေါ်လာပြီး ကနက်သီရိရွာက ဒေသခံ ၃၀ ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း ၎င်းတို့က ပြောသည်။

“လမ်းမှာသွားရင်းနဲ့ ဖမ်းခေါ်သွားတယ်ဆိုပြောတယ်” ဟု ကနက်သီရိရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးထားသည့် ဒေသခံအရပ်သားများကို PDF ယူနီဖောင်းများ ဝတ်ခိုင်းထားသည်ဟုလည်း သတင်းများကြားနေရကြောင်း ၎င်းက ဆိုသည်။  

ယနေ့နံနက်ပိုင်းတွင် ကနက်သီရိရွာပင်လယ်ပြင်တွင် စစ်သင်္ဘောတစ်စီး ဆိုက်ကပ်ထားပြီး ယနေ့ မွန်းလွဲပိုင်းတွင် မြေနီကုန်း (ဒေသအခေါ်) သေလှကူးရပ်ကွက်က နေအိမ်တစ်လုံးနှင့် ဘဲစားပြင်ရပ်ကွက်က နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မနေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဒဏ်ရာအပြင်းအထန်ရသူနှစ်ဦးအနက် ဗိုလ်တစ်ဦးမှာ ကနက်သီရိရွာတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားဟုလည်း သတင်းထွက်ပေါ်နေကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် ရွာထဲက နေအိမ်အများစုကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည့်အပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။