တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်သူ ထက်ဝက်ခန့် ဂုဏ်ထူးထွက်၊ ဆယ်နှစ်အတွင်း အောင်ချက်အမြင့်ဆုံး စံချိန်တင်

0
1948

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၆၅၈ ဦးရှိသည့်အနက် ဂုဏ်ထူးထွက်သူမှာ ၁၁၀၂ ဦးရှိပြီး ဆယ်နှစ်အတွင်း အောင်ချက်အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း မှတ်တမ်းများနှင့် တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှရရှိသော အချက်အလက်များအရသိရသည်။

ဂုဏ်ထူးထွက်သူပမာဏမှာ စာမေးပွဲဖြေဆိုအောင်မြင်သူ စုစုပေါင်း၏ ထက်ဝက်နီးပါးရှိနေခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ဒဿမ ၄ ရာခိုင်နှုန်းရှိသည်။

တစ်နည်းအားဖြင့် စာမေးပွဲအောင်မြင်သူ ကျောင်းသားတစ်ရာလျှင် ၄၁ ဦး ဂုဏ်ထူးထွက်ခြင်းဖြစ်သည်။

“ဒီနှစ်ဂုဏ်ထူးထွက်တဲ့သူတော်တော်ပေါတယ်” ဟု တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဂုဏ်ထူးအထွက် အများဆုံးဘာသာမှာ ဘောဂဗေဒဘာသာရပ်ဖြစ်ပြီး ၇၉၅ ဦးရှိသည်။ ဒုတိယအများဆုံးမှာ ရူပဗေဒဘာသာရပ်ဖြစ်ပြီး ၃၇၂ ဦးရှိသည်။

တတိယနှင့် စတုတ္ထအများဆုံးဘာသာမှာ ဇီဝဗေဒ ၂၀၇ ဦးနှင့် သင်္ချာ ၁၂၈ ဦးဖြစ်သည်။

ဘာသာစုံဂုဏ်ထူးထွက်သူ ၉ ဦး၊ ၅ ဘာသာဂုဏ်ထူးထွက်သူ ၂၅ ဦး၊ ၄ ဘာသာ ၆၂ ဦး၊ ၃ ဘာသာ ၈၃ ဦး၊ ၂ ဘာသာ ၂၃၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးထွက်သူ ၆၉၀ ဦးအထိရှိကြောင်း စာရင်းများအရသိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနူန်းမှာလည်း ၆၈ ဒဿမ ၀၃ ရာခိုင်နှုန်းရှိနေပြီး ယင်းပမာဏမှာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။

တနင်္သာရီတိုင်းပညာရေးမှူးရုံး စာရင်းကိုအခြေခံပြီး Dawei Watch က မှတ်တမ်းတင်ထားသည့် ကိန်းဂဏန်းများအရ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမြင့်ဆုံးအောင်ချက်ရာနူန်းမှာ ၄၅ ဒဿမ ၉၅ ရာနူန်းအထိသာရှိသည်။

အဆိုပါ ၄၅ ရာခိုင်နှုန်းကျော်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၏ အောင်ချက်ရာနူန်းဖြစ်သည်။

အာဏာသိမ်းမှုမတိုင်ခင်ဖြစ်သော ၂၀၁၃ ခုနှစ်မှာ ၂၀၂၀ ခုနှစ်အတွင်းတွင် အောင်ချက်အမြင့်ဆုံးနှစ်မှာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး  ၄၀ ဒဿမ ၉၂ ရာခိုင်းနူန်းသာရှိခဲ့သည်။

ဖော်ပြပါကိန်းဂဏန်းအချက်အလက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူနှင့် ဂုဏ်ထူးထွက်သူ သိသိသာသာ မြင့်တက်လာသည်ကိုတွေ့ရသည်။

ယင်းကဲ့သို့ အောင်ချက်မြင့်တက်လာသည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိနေသည်။

အာဏာမသိမ်းခင်က တနင်္သာရီတိုင်းတွင် မြန်မာစာဂုဏ်ထူးထွက်သူ မရှိသလောက်နည်းပါးခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစာဂုဏ်ထူးထွက်သူ သိသိသာသာ များပြားလာသည်ကိုတွေ့ရသဖြင့်  သံသယဖြစ်စရာရှိကြောင်း ထားဝယ်‌ဒေသခံ ပြင်ပကျူရှင်ဆရာတစ်ဦးက မှတ်ချက်ပြုသည်။

“အရင်ကဆိုရင် တနင်္သာရီတိုင်းအနေနဲ့က မြန်မာစာဂုဏ်ထူးထွက်ဖို့က ခဲယဉ်းပါတယ်။ အခုက တော်တော်များများ မြန်မာစာဂုဏ်ထူးထွက်နေကြတာက ဖောဖောသီသီပဲ ဂုဏ်ထူးပေးနေတာလား၊ နောက်တစ်ခုက အရင်တုန်းကလို တင်းတင်းကြပ်ကြပ် ပြန်မစစ်ဆေးဘူးလားပေါ့” ဟု ၎င်းက မေးခွန်းထုတ်သည်။

ယင်းအပြင် အာဏာသိမ်းပြီး‌နောက်ပိုင်း အောင်ချက်မြင့်မားနေသည့် ကိစ္စမှာလည်း သံသယဝင်စရာရှိကြောင်း ပညာရေးအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

“အခုတနင်္သာရီတိုင်းရဲ့ အောင်ချက်က ဘယ်တုန်းကမှရှိတဲ့ နူန်းဖြစ်နေတာ ပြောရရင် စံချိန်တင်အောင်ချက် ဖြစ်နေတာကလည်း သံသယတော့ရှိတယ်” ဟု CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။

ပညာရေးမှူးရုံးတာဝန်ရှိသူကမူ ကျောင်းသာဦးရေနည်းပါးခြင်းကြောင့် အောင်ချက်ရာနူန်းမြင့်တက်လာခြင်းမှာ ပညာလိုလားသူ ကျောင်းသားများကြောင့် ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

၂၀၂၂-၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို တနင်္သာရီတိုင်းမှ ကျောင်းသား၊ကျောင်းသူ ၃၉၀၇ ဦးဝင်ရောက်ဆိုခဲ့ရာ အောင်မြင်သူ  ၂၆၅၈ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။