တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အချို့ရေကြီး

0
2155

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အချို့သော မြို့ကြီးများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းများနှင့် အဆောက်အအုံအချို့ နစ်မြုပ်သွားကြောင်း သိရသည်။

“Dragon Boat Water” ဟု လူသိများသော နွေရာသီတွင်း ပထမဆုံးသော ပြင်းထန်သော မိုးသည်းထန်မှုကြောင့် ကွမ်းရှီဒေသ ပေဟိုင်မြို့၌ မိုးရေချိန် ၄၅၃ မီလီမီတာ အထိ ရောက်ရှိခဲ့သည်။

အဆိုပါ ပမာဏ သည် ဇွန်လအတွက် ဒေသဆိုင်ရာ နေ့စဉ် မိုးရေချိန် စံချိန်တစ်ခု ဖြစ်လာကြောင်း တရုတ်မိုးလေဝသဌာန က ထုတ်ပြန်ခဲ့သည်။

မိုးသည်းထန်မှုကြောင့် ပေဟိုင်မြို့ရှိ လမ်းများတွင် ကားများ ကိုယ်ထည် တစ်ဝက် နစ်မြုပ်မှုများ ရှိခဲ့သည်။ အထပ်ပေါင်းများစွာ မြင့်သည့် အဆောက်အအုံတစ်ခုတွင် မီးသတ်သမားများက ယင်းတိုက်တွင်း နေထိုင်သူများကို ပြေးလွှားကယ်ဆယ်နေစဉ် ရေများသည် လှေကားထစ်အချို့ကို တိုက်ချ စီးဆင်းသွားကြောင်း လူမှုကွန်ရက်ပေါ်က ဗီဒီယိုအချို့က ဖော်ပြခဲ့သည်။

အဆိုပါ ရာသီဥတုအခြေအနေကြောင့် ပေဟိုင်မြို့မှ အနီးနားရှိ ဝေ့ကျိုးကျွန်းသို့ ပြေးဆွဲသည့် ကူးတို့သင်္ဘောများကို ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အတွင်း အပြည့်အဝ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းနှင့် တုံကင် ပင်လယ်ကွေ့တို့တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းနိုင်ချေ ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကွမ်းတုံ ပြည်နယ် အနောက်ဘက် ၊ ယွီလင် ဒေသ အနီးတစ်ဝိုက်တွင်လည်း ဇွန်လ ၉ရက်နေ့ ၊ နံနက် ၇ နာရီအထိ ၃၅ နာရီကြာ မိုးရွာသွန်းခဲ့ကြောင်း CCTV က ဖော်ပြခဲ့သည်။

ဤသို့ အချိန်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အဆိုပါဒေသရှိ ကျေးရွာများနှင့် မြို့များတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြည်နယ်မီးသတ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် လာမည့်ရက်များအတွင်း မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းရပြီး အရှေ့ မြောက်ဘက်တွင်လည်း ရုတ်တရက် မိုးကြိုးမုန်တိုင်း ကျရောက်နိုင်သည်ဟု မိုးလေဝသဗျူရိုက သတင်း ထုတ်ပြန်ခဲ့သည်။

ရေကြီးရေလျှံမှုများ ကြုံရလေ့ ရှိသည့် တရုတ်နိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုမိုဆိုးရွားသည့် ရာသီဥတုဆိုင်ရာ အခြေအနေများကို ပိုမိုသတိထားလာရပြီ ဖြစ်သည်။

ကွမ်းရှီဒေသ သည် ယခုနှစ် မေလတွင် ရှားရှားပါးပါး မိုးခေါင်ရေရှားမှုကို ခံစားခဲ့ရပြီး အဆိုပါ မိုးခေါင်မှုကြောင့် နှစ် ၆၀ အတွင်း မိုးရေချိန် အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

နိုင်ငံ၏ စပါးကျီ ဟု သတ်မှတ်ကြသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ၊ ဟယ်နန်ပြည်နယ်တွင်မူ မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံများ အညှောက်ထွက်ခြင်း နှင့် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

Reference ● Reuters ● The Straits Times