ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်  ဗြိတိန်ပါတီမန် မှ ရုတ်တရက် နုတ်ထွက်

0
2086

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ၎င်းအနေနှင့် ပါလီမန်မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ဇွန်လ (၉)ရက်နေ့တွင် ထုတ်ပြန်စာ တစ်ရပ်နှင့်အတူ ကြေညာလိုက်သည်။

ယခုလို ဂျွန်ဆင်၏ ရုတ်ခြည်းနုတ်ထွက်မှုကြောင့် လာမည့်နှစ်တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲ မတိုင်မီ အခွင့်အလမ်းကို အတိုက်အခံ လေဘာပါတီ ရလာဟန်ရှိပြီး လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီတွင်မူ အကွဲအပြဲဟောင်းများ ပြန်လည်ပေါ်ပေါက်လာသည်။

၎င်းအနေနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလ ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားနေချိန်အတွင်း ဗြိတိန်နိုင်ငံတဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှု (lockdown) ချမှတ်ထားသော်လည်း ဒေါင်နင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင်မူ အဆိုပါ ချမှတ်မှုများကို ဆန့်ကျင်သည့် ပွဲအခမ်းအနားများ ကျင်းပခဲ့သည်။

ဤအခြေအနေများနှင့် ဆက်စပ်ကာ ဝန်ကြီးချုပ်တစ်ဦး၏ အပြုအမူများအပေါ် မူဝါဒ ချမှတ်ရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်သည့်အနေဖြင့် ဂျွန်ဆင်သည် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ နုတ်ထွက်စာတွင် ဂျွန်ဆင်က အဆိုပါ စုဝေးမှုများနှင့်ပတ်သက်၍ သူ့အနေနှင့် အောက်လွှတ်တော်ကို လှည့်စားခြင်း ရှိ၊ မရှိ ကို စစ်ဆေးနေသည့် စုံစမ်းရေးကော်မရှင်ကို ပြစ်တင်ရှုတ်ချကာ ဤသို့ စစ်ဆေးမှုသည် ၎င်းနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကိုပင် မတွေ့ရသေးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ယခုလို ပြောဆိုမှုတွင်း လက်ရှိ ၀န်ကြီးချုပ် ရီရှိ ဆူနတ် ကိုပါ ဦးတည်ကာ ဝေဖန်ခဲ့သေးသည်။

သောကြာနေ့တွင် ဂျွန်ဆင်၏ နုတ်ထွက်မှု အပြီး ၊ ၎င်း၏ မဟာမိတ် Nadine Dorries အပြင် ဇွန်လ ၁၀ရက်နေ့ (စနေနေ့) မှာလည်း ဂျွန်ဆင်အစိုးရ၏ ဝန်ကြီးဟောင်းတစ်ဦး ဖြစ်သူ Nigel Adams တို့ကပါ ပါလီမန်မှ အသီးသီးနုတ်ထွက်ခဲ့ကြသည်။

လက်ရှိ လူထုစစ်တမ်းများတွင် ဆိုးဝါးစွာ နောက်ကောက်ကျနေသည့် ဝန်ကြီးချုပ် ဆူနတ် ၏ ကွန်ဆာဗေးတစ်ပါတီ အနေနှင့် ယခုလာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်း ဤသို့ လစ်လပ်သွားသော မဲဆန္ဒနယ် သုံးခုမှာပါ အနိုင်ရရန် ကြိုးပမ်းရမည် ဖြစ်သည်။

လော့ဒေါင်းကာလတွင်း ဝန်ကြီးချုပ်ရုံးအပြင် နေအိမ်မှာပါ ပွဲလမ်းသဘင်များကျင်းပမှုအပြင် ၎င်း၏ နိုင်ငံရေး ပါတီအတွင်း ထိလွယ်ငြိလွယ် ဖြစ်လာသည့်အတွက် ဂျွန်ဆင် ၏ ဝန်ကြီးချုပ်သက်တမ်း သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တိုတောင်းမှုဖြင့် အဆုံးသတ်ခဲ့သည်။

“ဘောရစ် နဲ့ သူ့ထောက်ခံသူတွေကို ဖယ်ထုတ်နိုင်ဖို့ရာ နုတ်ထွက်မှုတွေ ဖြစ်လာစေမယ့် တွန်းအားတွေကို ဆူနတ်ရဲ့ ထောက်ခံသူတွေက အသုံးပြုခဲ့ကြတာပါ” ဟု ယမန်နှစ်က ဂျွန်ဆင်၏ ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်ရန် ဆုံးဖြတ်မှုအပေါ်  ဝါရင့် ကွန်ဆာဗေးတစ်အမတ် John Redwood က  ရည်ညွှန်း ပြောကြား ခဲ့သည်။

ထို့အပြင် “ပါလီမန်ကနေ နုတ်ထွက်မှုတွေကို ရှောင်ရှားနိုင်ဖို့ရာ (လက်ရှိ) ဝန်ကြီးချုပ်အနေနဲ့  (၎င်းရဲ့ ကိုယ်စားပြု) ပါတီကို အမတ်တွေ များများဝင်ရောက်အောင် လမ်းကြောင်းဖွင့်ပေးနိုင်ပြီး သူတို့ရဲ့ အစွမ်းအစတွေကို ပါလီမန်တွင်း အများဆုံး အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ် ” ဟု Redwood ကပြောကြားခဲ့သည်။

လန်ဒန်မြို့တော်ဝန်မှသည် ပါလီမန်တွင်း နေရာတစ်ခုရလာကာ ၂၀၁၆ခုနှစ်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာနိုင်ရေး ဆန္ဒခံယူမှုများကို အားကောင်းစေခဲ့သည့် ပုံရိပ်ဖြစ်လာပြီး ၂၀၁၉ခုနှစ်တွင် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်  ဂျွန်ဆင် ၏ ယခုလို ပါလီမန်မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်သည် ၎င်း၏ ၂၂ နှစ်ကြာ နိုင်ငံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု၏ အဆုံးသတ် ဖြစ်လာနိုင်သည်။

ပြန်လည်ဝင်ရောက်ချေရှိသော တံခါးကို ဖွင့်ထားခဲ့သော်လည်း ၎င်း၏ နုတ်ထွက်စာတွင် “ပါလီမန်မှ ထွက်ခွာရခြင်းမှာ အနည်းဆုံးတော့ ယခုလောလောဆယ် အတွက် အလွန်ဝမ်းနည်းစရာကောင်းသည် ” ဟု ရေးသားဖော်ပြခဲ့သည်။

Reference

●       The Straits Times

●       Reuters