ပုလောမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညဘက်မသွားလာရန် သတိပေး

0
2325

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်း မပြုကြရန် ပုလောဒေသကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေခြင်းကြောင့် ည ၇ နာရီမှ နံနက် ၄ နာရီအတွင်း ယာဥ်များမောင်းနှင်သွားလာခြင်း မပြုကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီတပ်များမှာ ပြည်သူများနှင့် ရောနှောပုံဖျက်ကာ ရိက္ခာသယ်ခြင်း၊ တပ်ပြောင်းရွှေ့ခြင်း၊ စစ်လက်နက်သယ်ယူခြင်းများလည်း ပြုလုပ်နေသည့်အတွက် တိုက်ပွဲဖြစ်ပါက ပြည်သူများ မတော်တဆ ထိခိုက်မှုမရှိစေရန် အချိန်ကန့်သတ်ရခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ပုလောပြည်ထောင်စုလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ခရီးသည်ကားအချို့ မှားယွင်းပစ်ခတ်ခံရကာ ပြည်သူအချို့ အသက်ဆုံးရှံးခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။

ပုလောမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မကြာခဏတိုက်ပွဲများ ဖြစ်ပေါ်နေသည်။