ရွှေဆိုင်များ ကျပ်သိန်း ၅၀ သွင်းပြီး ထွေအုပ်တွင် သတ္တုရွှေလိုင်စင် လျှောက်ရမည်

0
2346

ထားဝယ်မြို့က ရွှေဆိုင်များမှာ ဘဏ်တွင် Deposit ကျပ်သိန်း ၅၀ သွင်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သတ္တုရွှေလိုင်စင် လျှောက်ရမည်ဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။

ဇွန်လ ၅ ရက်နေ့က ရွှေဆိုင်လုပ်ငန်းရှင်များကို ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့က ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။

ရွှေဆိုင်လုပ်ငန်းအများစုမှာ စည်ပင်လိုင်စင်နှင့် ဝင်ငွေခွန်‌ေဆာင်ထားပြီးဖြစ်သော်လည်း ထွေအုပ်က သတ္တုရွှေလိုင်စင်လုပ်ခိုင်းပြီး Deposit သိန်း ၅၀ သွင်းခိုင်းခြင်းဖြစ်သည်။

မူလက မြန်မာ့စီးပွားရေးဘဏ်တွင်သာ သွင်းရမည်ဟုဆိုသဖြင့် လုပ်ငန်းရှင်များက လက်မခံကြသော်လည်း ဇွန်လ ၉ ရက် နေ့ကထပ်မံခေါ်ယူသည့် အစည်းအဝေးတွင် Deposit သွင်းရမည့် သိန်း ၅၀ ကို မိမိအဆင်ပြေသည့် ဘဏ်မှတစ်ဆင့် သွင်းနိုင်သည်ဆိုသဖြင့် ငွေသွင်းရန်ကိစ္စကို ရွှေဆိုင်များက သဘောတူညီခဲ့သည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

” သိန်း ၅၀ ကိုကြိုက်တဲ့ ဘဏ်မှာသွင်းပြီး Bank statement တစ်စောင်နဲ့တင်ပေးရင်ရပြီ၊ ကြိုက်တဲ့ဘဏ်မှာ သွင်းရမယ်ဆိုတော့ အဆင်ပြေသွားပြီရှင်၊ ကိုယ်ကြိုက်တဲ့အချိန် ပြန်ထုတ်ရတယ်ဆိုတော့ ဆိုင်တွေလည်း သဘောတူကြတယ်ရှင်” ဟု ၎င်းက ယနေ့ အခြေအနေကို ပြန်လည်ပြောဆိုသည်။

သတ္တုရွှေလိုင်စင်နှင့် Deposit သိန်း ၅၀ သွင်းခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီလက်ထက်တွင် မြန်မာကျပ်ငွေတန်ဖိုးမရှိခြင်း၊ ငွေကြေးခိုင်မာမှုမရှိခြင်းတို့ကြောင့် လက်ထဲ ငွေမထားလိုသူများအနေနှင့် ရွှေ သို့မဟုတ် အိမ်ခြံမြေများကို ဝယ်ယူသူများပြားနေသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများကိုလည်း ထွေအုပ်လိုင်စင်လုပ်ခိုင်းသည်ဟု ထားဝယ်မြို့ အိမ်ခြံမြေအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအနေအထားတွင် အိမ်ခြံမြေလုပ်ငန်းနှင့် ရွှေဈေးကွက်၏ ငွေကြေးစီးဆင်းမှု၏ သတင်းအချက်အလက်ကို စစ်ကောင်စီက စုံစမ်းထောက်လှမ်းလိုသည့်အပြင် အခွန်စည်းကြပ်လို၍လည်း ထွေအုပ်လိုင်စင်လုပ်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

“သူတို့က ငွေကြေးစီးဆင်းမှုကို စွက်ဖက်ရအောင် လုပ်တဲ့ပုံစံရှိတယ်။ ငွေကြေးခဝါချတာနဲ့ ပတ်သက်ပြီး ထောက်လှမ်းချင်တာ ပါမယ်ထင်တယ်” ဟု ၎င်းကဆိုသည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သိန်း ၂၀၀ ကျော်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုတင်ပြရပြီး မြန်မာ့စီးပွားရေးဘဏ်မှ ငွေသွင်းခိုင်းသည်ဟု ဆိုသည်။