တနင်္သာရီတွင် ဥယျာဥ်ခြံလုပ်သည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

0
2132

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှ ဥယျာဥ်ခြံလုပ်သူ လူငယ် ၅ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကျွဲသုံးပေါင်တောင်ကြောသို့ လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

ယင်းသို့ဝင်ရောက်ပြီးနောက် ဥယျာဥ်ခြံလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“လေးယောက်ကို ကျွဲသုံးပေါင်တောင် ဥယျာဥ်ထဲကဖမ်းသွားကြတယ်။ နောက်တစ်ယောက်ကတော့ ပနပ်ငယ်ရေတံခွန်နားမှာ အဖမ်းခံရတယ်လို့သိရတယ်။ စစ်တပ်ကတောင်ပေါ်က ပြန်အဆင်းမှာ ဖမ်းသွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဒေသခံများ ကပြောသည်။

ဇွန်လ ၇ ရက်နေ့က ချောင်းညီကိုရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် အလစ်အငိုက်ဝင်တိုက်ခံရပြီး ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ ကထုတ်ပြန်ထားကြသည်။

အတိုက်ခံရပြီးနောက် ဘန်းလမွှတ်ကျေးရွာအနီးက ညောင်ပင်ကုန်းရွာသား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

အဖမ်းခံရသူများသည် စစ်ဘေးရှောင်နေသူများဖြစ်ပြီး နေရပ်ပြန်လာကာ အဝတ်အထည်လာယူသည့် အချိန်တွင် အဖမ်းခံရသည်ဟု ဒေသခံများ ကဆိုသည်။

ဘန်းလမွှတ်၊ညောင်ပင်ကုန်း၊ကမ်းတို၊ရမ်းဖို ၊ချောင်းညီကို စသည့်ကျေးရွာများအနီး ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနီးအနားကျေးရွာများမှ ဒေသခံများလည်း အဖမ်းအဆီးများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဖမ်းခံရသည့် ဒေသခံများ ပြန်လွတ်လာခြင်း ရှိမရှိဆိုသည်ကိုမူ  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။