ထိုင်းတွင် သက်တမ်းကုန် MoU မြန်မာလုပ်သားများ ဇူလိုင် ၃၁ အထိ နေထိုင်လုပ်ကိုင်ခွင့်ရ

0
413

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရသဘောတူညီချက် MOU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လာမည့်ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီယား သုံးနိုင်ငံက MoU စနစ်ဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ကို အစိုးရအသစ်ဖွဲ့နိုင်သည့်အချိန်အထိ ၎င်းတို့၏ စာချုပ်သက်တမ်းကို ထပ်တိုးနေထိုင်ခွင့်ပြုကြောင်း ဒုဝန်ကြီးချုပ် Wissanu Krea-ngam က ဆိုသည်။

သက်တမ်းကုန် MoU ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ်ကိုင်ခွင့် ထပ်မံသက်တမ်းတိုးပေးရန် အလုပ်သမား ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အစိုးရအဖွဲ့က ယခင်က ငြင်းဆန်ထားသော်လည်း မေလ ၃၀ ရက်နေ့ အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်ကို နှစ်လသာ ထပ်မံတိုးပေးခြင်းသာဖြစ်ပြီး ၎င်းတို့၏ Work Permit ကို သက်တမ်းတိုးပေးခြင်း မဟုတ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ထံမှသိရသည်။

“သက်တမ်းကုန်သွားတဲ့လူကို ဖမ်းဆီးမှုမရှိဘဲ နေထိုင်ခွင့် ဆွဲဆန့်ပေးထားတယ်။ သက်တမ်းထပ်တိုးတာမျိုး မဟုတ်ဘူး။ ကုန်နေတဲ့လူတွေ တစ်ပုံကြီး။ အချို့စက်ရုံကြီးတွေဆိုရင် သက်တမ်းကုန်လို့ဆိုပြီး မနက်ဖြန် ပြန်ရမယ့် သူတွေတောင် ရှိနေတယ်။ ဒီကြေညာထွက်ပြီးနောက်တော့ ၇ လပိုင်းအကုန်အထိ အလုပ်ဆက်လုပ်ခိုင်း လိုက်တာမျိုး ရှိတယ်” ဟု MWRN မှ ကိုဇော်က ဆိုသည်။

MoU စနစ်ဖြင့် လာသည့် မြန်မာအလုပ်သားများသည် ပုံမှန်အားဖြင့် ၄ နှစ်သက်တမ်း ကုန်ဆုံးခဲ့ပါက မြန်မာနိုင်ငံသို့ ပြန်၍ သက်တမ်းထပ်တိုးရလေ့ရှိပြီး ယခုတွင်မူ နောက်တက်လာမည့် ထိုင်းအစိုးရအသစ်အပေါ်မူတည်၍ ပြောင်းလဲမှု ရှိမရှိ စောင့်ကြည်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများကို နေထိုင်ခွင့် ထပ်တိုးခွင့်မပြုပေးပါက ၎င်းတို့အားလုံးသည် နေရပ်ပြန်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်လည်း မြင့်တက်လာနိုင်ကြောင်း ဒုဝန်ကြီးချုပ်က ဆိုသည်။  

ယင်းအပြင် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းတိုးနိုင်ရန် လျှောက်ထားသူများကို ကနဦးတွင် မေလ ၁၅ ရက်အထိသာ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည်ကိုလည်း ဇူလိုင်လ ၃၁ ရက်အထိ သက်တမ်းတိုးပေးထားသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ထုတ်ပေးသည့် စခန်းများကိုမူ ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိကိုမူ မြန်မာသံရုံး၏ ထုတ်ပြန်ချက်ကိုသာ ထပ်မံစောင့်ဆိုင်ရမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။