ထိုင်းတွင် မြန်မာလုပ်သား ၁၈ဝခန့် ဘတ်သုံးသိန်းခွဲကျော် လိမ်လည်ခံရ

0
407

အလုပ်သွင်းပေးမည်၊ ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ်သစ် ပြုလုပ်ပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားပွဲစားများက မြန်မာအလုပ်သမားများထံမှ ဘတ်ငွေသုံးသိန်းခွဲကျော် လိမ်လည်သွားကြောင်း အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် ရန်စစ်ဒေသရှိ စက်ရုံတစ်ရုံတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားများက ပြောဆိုကြောင်း အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းပွဲစားများသည် အဖွဲ့လိုက် လုပ်ဆောင်ကာ မြန်မာအလုပ်သမားကို လိမ်လည်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မြန်မာအလုပ်သမားများတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသူများ၊ အထောက်အထား မရှိသေးသူများ စုစုပေါင်း ၁၈၀ ခန့် လိမ်လည်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်အလုပ်သမားများ နောက်စက်ရုံတွင် အလုပ်ဆက်လုပ်ကိုင်နိုင်ရန်၊ အထောက်အထား မရှိသေးသောသူများ ပန်းရောင်ဘတ်အသစ်ရိုက်ပြီး စက်ရုံတစ်ခုတွင် အလုပ်သွင်းပေးရန်ဟုဆိုကာ ထိုင်းအလုပ်ပွဲစားများက ငွေကြိုတင်ကောက်ခံထားကြောင်း အလုပ်သမားများက ဆိုသည်။

ပွဲစားများသည် ငွေကို လွန်ခဲ့သော နှစ်လခန့်က ကြိုတင်ကောက်ခံခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ငွေကြေး စတင်ကောက်ခံစဉ်က သုံးရက် လေးရက်ခန့်သာ ကြာမည်ဟုဆိုတော့လည်း နှစ်လပြည့်ချိန်အထိ အလုပ် မရသေးသလို ဘတ်ကတ်ပြုလုပ်မှုနှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာ မသိရသေးကြောင်း အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော ပြည်သူ့အကျိုးဆောင်အဖွဲ့- Union Brothers အဖွဲ့ထံမှ သိရသည်။

“အထောက်အထားရှိတဲ့သူတွေဆို စမတ်ကြေး (အလုပ်သွင်းခ) ယူတယ်။ အထောက်အထား မရှိသေးတဲ့သူဆို စမတ်ကြေးရော ဘတ်တွေရော ပေါင်းယူပြီးတော့မှ အလုပ်ရုံထဲထည့်ပေးမယ်ဆိုပြီး အလုပ်မထည့်ပေးတာ” ဟု Union Brothers အဖွဲ့မှ ကိုမိုက်ကယ်က ပြောသည်။

မြန်မာအလုပ်သမားများထံက ဘတ်ငွေ ထောင်ချီ အသုတ်လိုက် လူအုပ်စုလိုက် ကြိုတင်ကောက်ခံထားခဲ့ပြီး မြန်မာအလုပ်သမားများက ဘတ် ၃၇၄၀၀၀ ကျော် (ကျပ်သိန်း ၃၀ဝခန့်) ပေးချေထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းအစိုးရက ပန်းရောက်ဘတ်အသစ် ပြုလုပ်ပေးမည်ဟုလည်း တရားဝင် ကြေညာထားခြင်း မရှိပေ။

အထောက်အထားမရှိသော မြန်မာအလုပ်သမားများဆီက ဘတ်ကတ် အသစ်ပြုလုပ်ပေးမည်ဆိုကာ တစ်ဦးလျှင် ဆေးစစ်ခအနေဖြင့် ဘတ် ၁၅၅၀ ကို ငွေကြိုတင်ကောက်ခံထားပြီး နောက်ထပ်ငွေများကို အလုပ်ထဲမှ တစ်လလျှင် ဘတ် ၃၀၀၀ ဖြတ်မည်ပြောဆိုထားကြောင်း အလုပ်သမားများထံမှ သိရသည်။

ဆေးရုံတွင် သွေးသွားစစ်သောအချိန်တွင်လည်း ဆေးရုံက သူနာပြုများက အထောက်အထားမရှိသေးသူများဟုဆိုကာ အော်ဟစ်ခြိမ်းခြောက်သည်ကို ခံခဲ့ရကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။

“ပေးဖို့ကျန်တဲ့ ပိုက်ဆံလာတောင်းတယ်။ အဲဒီမှာ စကားနည်းနည်းအငြင်းအခုံဖြစ်တယ်။ အလုပ်ဘယ်တော့ရမလဲ ဘာညာမေးလို့။ သူတို့ (ပွဲစားတွေ) က ကောင်းကောင်းနေတဲ့။ ကောင်းကောင်းမနေလို့ စကားကြမ်းလာရင် အကုန်ပုလိပ် (ထိုင်းရဲ) နဲ့ သွားတိုင်လိုက်မယ်တဲ့” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

ဆေးစစ်ပြီးနောက် စာရွက်စာတမ်းများ သုံးရက်အတွင်းရမည်ပြောသော်လည်း နှစ်ပတ်ကျော်သည်အထိ ရရှိလာခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လိမ်လည်ခံရသော မြန်မာအလုပ်သမားများတွင် အထောက်အထား မရှိသူများရှိနေသဖြင့် ထိုင်းအလုပ်ပွဲစားများကို အရေးယူပေးရန်အတွက် တိုင်ကြားရန်မှာလည်း အခက်အခဲများရှိနေကြောင်း Union Brothers အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ထိုင်းအလုပ်ပွဲစားများကို အရေးယူနိုင်ရန် အထောက်အထားရှိသည့် မြန်မာအလုပ်သမားများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုထားသည်။