မုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီနေပုံများဖြင့် စစ်ကောင်စီဝါဒဖြန့်၊ ထိရောက်သည့် အကူအညီမရဟု ဒေသခံများဆို

0
1348

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှ ပြည်သူများကို ကူညီနေသည့် ဓာတ်ပုံများ၊ အကြောင်းအရာများပါသော စာရွက်များကို ဖြန့်ဝေခြင်းအားဖြင့် စစ်ကောင်စီက ထားဝယ်မြို့တွင် ဝါဒဖြန့်လျက်ရှိသော်လည်း ရခိုင်ဒေသခံများကမူ ထိရောက်သော အကူအညီမရဟုဆိုသည်။

မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါလက်ကမ်းစာစောင်များကို ဝေငှနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတို့ကဆိုသည်။

“ကမြောကင်းတံတား( စစ်ဆေးရေးဂိတ်) မှာတော့ စစ်သားတစ်ယောက် ( လက်ကမ်းစာစောင်) ဝေနေတာတွေ့တယ်။ လမ်းသွား၊ လမ်းလာတွေကို” ဟု ခရီးသည်တစ်ဦးကဆိုသည်။

“နစကအစိုးရအနေဖြင့် စီမံခန့်ခွဲမှု၊ ကြိုတင်မျှော်တွေးမှုနဲ့ ပြည်သူများရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် မိုခါမုန်တိုင်းကို မြန်မာပြည်သူတွေ ကြံ့ကြံခံတွန်းလှန်နိုင်ခဲ့ပြီဖြစ်ပါတယ်” ဟု လက်ကမ်းစာစောင်တွင် ရေးသားထားသည်။

ယင်းအပြင် “ တပ်မတော်ဟာ တိုင်းပြည်အတွက်ဖြစ်ပြီး တိုင်းပြည်ကလိုအပ်လာတဲ့အချိန်တိုင်းမှာ အမြဲအသင့်ရှိနေတာ သမိုင်းအစဉ်အဆက်ဖြစ်ပါတယ်” ဟုလည်းဖော်ပြထားသည်။

မြေပြင်တွင်မူ စစ်ကောင်စီအနေဖြင့် ထိထိရောက်ရောက် ကူညီမှုမပေးနိုင်ဘဲ လမ်းပေါ်လဲကျနေသည့် သစ်ပင်ချုံနွယ်များကို ရှင်းလင်းပေးသည်သာရှိကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့ခံတစ်ဦးကဆိုသည်။

“စကစကဘာလုပ်သလဲဆိုတော့ အပင်တွေလမ်းရှင်းတာတွေ လုပ်တာတွေ့တယ်။ လူတွေကိုမေးကြည့်တော့ ဘာအထောက်အပံ့တွေရလဲဆိုတော့ ဘာမှမရဘူး။ နိုင်ငံတကာအဖွဲ့အစည်း အကူအညီလည်းမရဘူး။ စကစက ကူညီပံ့ပိုးတာလဲမရဘူး။ လူတွေကပျက်စီးသွားတဲ့ ကိုယ့်အိမ်ကို ကိုယ့်ဘာသာလုပ်ရတယ်။ ငွေရှာပြီးလုပ်ရတယ်” ဟု ၎င်းမြို့ခံက ယနေ့မေလ ၃၀ ရက်က ပြောကြားသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးနေမှုကြောင့် မုန်တိုင်းသင့်ပြည်သူများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ လွတ်လပ်စွာ ကူညီခွင့်မရကြောင်း၊ စစ်ဆေးမှုများရှိနေသဖြင့် ကူညီထောက်ပံ့ရေးပစ္စည်းများ အချိန်နှင့်တပြေးညီရောက်ရှိရန် ကြန့်ကြာမှုများရှိနေကြောင်း ရခိုင်အရပ်ဘက်အဖွဲ့စည်းများက မေလ ၂၉ ရက်က ထုတ်ပြန်ထားသည်။

“ပြည်သူတွေအတွက် စဉ်းစားတယ်ဆိုရင် နိုင်ငံတကာအကူအညီတွေကို ဖွင့်ပေးလိုက်ရမှာလေ။ လူတွေဒီလောက် ဒုက္ခရောက်နေပါတယ်ဆိုမှ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီမပေးခိုင်းဘူး။ သူတို့ရဲ့အကူအညီတွေရမှ လူတွေကအမိုးအကာတွေရမှာပေါ့နော်။ အခုက ကိုယ်တိုင်လည်းမကူညီနိုင်။ ကူညီမယ့်သူတွေကိုလည်းပိတ်ထားတာ” ဟု ရသေ့တောင်မြို့ခံ တစ်ဦးကဆိုသည်။

လျှပ်စစ်မီးမှာမူ ‌ရခိုင်ပြည်နယ်နေရာအချို့တွင် ပြန်လည်ရရှိနေပြီဖြစ်သည်။

မုန်ဒဏ်သင့်ဒေသခံများကို  ပြည်ပရောက် ရခိုင်ပြည်သူများကလည်း ကူညီလျက်ရှိသည်ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် ရေဘေး‌၊ လေဘေးဒဏ်သင့်သူ ၁၁ သိန်းကျော် (၁၁၅၆၇၉၆ ဦး)ရှိ‌ကြောင်း ‌ရခိုင်ပြည်နယ် စစ်ကောင်စီထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် DMG သတင်းဌာနတွင် ဖော်ပြထားသည်။